27 C
Yangon

တန့်ဆည်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ အလစ်ဝင်တိုက်၊ စစ်သား အများအပြားသေဆုံးပြီး ၂ ဦးသာ ထွက်ပြေးလွတ်မြောက်သွား၊ အရာတော်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ အနောက်ဘက်အထွက် လမ်းဆုံရှိရွှေဒေါင်းမင်းဆီဆိုင်တွင် ကင်းပုန်းဝပ် စခန်းချနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ဧပြီလ ၂၄ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားအများအပြားသေဆုံးကာ စစ်သား ၂ ဦးသာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက မွန်းလွဲ ၃ နာရီမှာ စတယ်၊ ၂ ကောင်ထွက်ပြေးသွားတယ်။ ကျနော်တို့က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ထုတာဆိုတော့ လက်နက်တွေလည်း အကောင်းမကျန်ဘူး။ ၂၈ ကောင်စလုံး တစစီပဲ၊ တိုက်ပွဲကတော့ နာရီဝက်လောက်ပဲ ကြာတယ်ဗျ” ဟု MDF တပ်ရင်း ၁ ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အင်အား ၃၀ ခန့်ရှိသော အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို MDF – Taze Tiger နှင့် မြောက်ပိုင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတို့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Myanmar Defense Force – Taze Tiger အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းတွင် အင်အား ၃၀ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ဧပြီလ ၂၄ ရက် နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်သည်။

အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဆူးလေကုန်းချောင်းအနီး၌ မုံရွာခရိုင်တပ်ရင်း ၄ (Chindwin Attack Force) တပ်ခွဲ ၁ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ KORL ပြောက်ကျားတပ်ဖွဲ့၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ Ayardaw Bone Naing PDF ၊ Ayardaw Falcon Force၊ Excellent Flag တပ်ဖွဲ့၊ ပတ္တမြားညီနောင်ပြောက်ကျားတပ်ဖွဲ့၊ M.R.T.F တပ်ဖွဲ့၊ The Guys of Burma Revolution တပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံး၊ တူမီးရှေ့ထွက်ကြီး ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် သေနတ်များ ပစ်ဖောက်ခဲ့ပြီး ဆူးလေကုန်းဇရပ်ကို မီးရှို့ဖျက်ဆီးသွားကြောင်း Chindwin Attack Force က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – Myanmar Defense Force MDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article