25 C
Yangon

သထုံမြို့နယ်တွင် ကားဝယ်သူအယောင်ဆောင်ကာ ထောက်လှမ်းနေသော အရပ်ဝတ် ဒုရဲအုပ် မင်းမင်းဦးကို KNLA ပူးပေါင်းအဖွဲ့ ဖမ်းဆီး၊ ဂန့်ဂေါတွင်လည်း အရပ်ဝတ်ဖြင့် ထောက်လှမ်းနေသည့် စစ်သား ၂ ဦးကို ဖမ်းမိ

Must read

ရန်ကုန်၊ ဧပြီ ၂၆

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ သထုံခရိုင်၊ သိမ်ဆိပ်-လေးကေ ကားလမ်း၊ ထုံးဘိုကြီး-ထုံးဘိုလေးကျေးရွာတွင် မှောင်ခိုကားဝယ်ယူသူ အယောင်ဆောင်ကာ ထောက်လှမ်းနေသော ဒုရဲအုပ် မင်းမင်းဦး ဆိုသူကို KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ လက်အောက်ခံ၊ PDF တပ်ရင်း ၂၊ တပ်ခွဲ ၁ အဖွဲ့က ဧပြီလ ၂၃ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာသားအယောင်ဆောင်ကာ ထောက်လှမ်းနေမှုများကြောင့် PDF တပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေစဉ် ဒုရဲအုပ်မင်းမင်းဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ကားအတွင်း၌ ခြောက်လုံးပြူး သေနတ် ၁ လက်၊ ပိုက်ဆံ ကျပ် သိန်း ၂၀ ကျော်၊ ကားနံပါတ် အတုများတွေ့ရှိခဲ့ကြောင်း သထုံ ပြည်သူ့ပြောက်ကျားများ အဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါတွင်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ Master People’s Defence Force -Gangaw က ဧပြီလ ၂၁ ရက် နံနက် ၉ နာရီခန့်၌ ကင်းပုန်းဝတ်နေစဉ် အရပ်ဝတ်စစ်သား ၂ ဦးကို ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အရပ်ဝတ်စစ်သား ၂ ဦးမှာ ကလေးမြို့မှ ဂန့်ဂေါမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂၊ ခမရ ၂၀၄ တပ်ရင်းမှ တပ်သား သားငယ်နှင့် တပ်သား လပြည့်တို့ဖြစ်ပြီး အဆိုပါစစ်ကြောင်းသည် ဟားခါးနှင့် ဂန့်ဂေါကြားရှိ ဘုံးဇုန်ကျေးရွာအနီး စခန်းချနေစဉ် နယ်မြေစုံစမ်းထောက်လှမ်းရန် ထွက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော အရပ်ဝတ်စစ်သား ၂ ဦးကို Master People’s Defence Force -Gangaw၊ ပ.က.ဖ အဖွဲ့၊ YPDF တို့မှ စစ်ဆေးပြီး သက်ဆိုင်ရာအထက်အဖွဲ့အစည်းအထံ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article