25 C
Yangon

အသက် ၆၂ နှစ် ပြည့်မှ အငြိမ်းစားယူရမည်ဟု မင်းအောင်လှိုင် သတ်မှတ်မှု စစ်တပ်အတွင်း ဂယက် ရိုက် ခတ်မှုပြင်းထန်ပြီး အများစုသော အောက်ခြေတပ်သားများ မကျေနပ်၊ စစ်တပ်ထိပ်ပိုင်းရာထူးများအတွက် တာဝန်ထမ်းဆောင်မှု ပြင်ဆင်ချက်များ ထွက်ရန်ရှိ

Must read

ရန်ကုန်၊ ဧပြီ ၂၇

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းမှန်သမျှ အသက် ၆၂ နှစ်ပြည့်မှ အငြိမ်းစား ပင်စင်ယူရမည်ဟု သတ်မှတ်လိုက်ရာ ယင်းသတ်မှတ်မှုက စစ်တပ်အတွင်း ဂယက်ရိုက်ခတ်မှုပြင်းထန်ပြီး အထူးသဖြင့် အောက်ခြေ စစ်သားအများစု မကျေမနပ်ဖြစ်ကြသည်ဟု စုံစမ်းသိရှိရသည်။

မတ်လ ၃၁ ရက်နေ့တွင် မင်းအောင်လှိုင်က ထိုသို့ သတ်မှတ်လိုက်ရန် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပြင်ဆင်မှုသည် စစ်တပ်အတွင်းရှိ အောက်ခြေအဆင့် စစ်သားများကို ရိုက်ခတ်မှု ပြင်းထန်ကြောင်း သိရှိရသည်။

စစ်တပ်အတွင်းတွင်လည်း သက်ပြည့်ပင်စင် ယူနိုင်သည့် နှစ်ကို ၆၀ နှစ်မှ ၆၂ နှစ်သို့ ၂ နှစ် တိုးမြှင့်လိုက်သည့်အတွက် တပ်တွင်း၌ အငြိမ်းစားယူခါနီး စစ်သားများ မကျေမနပ်ဖြစ်နေကြကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“မင်းအောင်လှိုင်က လူပါးဝနေတယ်၊ ပင်စင်စားမည့် လူတွေကို ၂ နှစ် ထပ်ထမ်းဆောင်ခိုင်းနေတယ်၊ ခံစားခွင့်လည်းမပါဘူး” ဟု သက်ပြည့်ပင်စင်ယူခါနီး စစ်သားကြီး ၁ ဦးမှ ပြောဆိုသည်။

သက်ပြည့်ပင်စင်ယူလျှင် လစာ ၃၂၀,၀၀၀ ကျပ် ရရှိနိုင်သည့် ဝန်ထမ်းများသည် လက်ရှိ ၂ နှစ် တာဝန် ဆက်လက်ထမ်းဆောင်နေရခြင်းကြောင့် လစာ ၂၇၀,၀၀၀ ကျပ်သာ ရရှိကြောင်း၊ လုပ်သက်လစာလည်း တိုးမြှင့်ပေးခြင်း မရှိကြောင်း သိရှိရသည်။

“ပင်စင်လည်း မရဘူး၊ လုပ်သက်လစာလည်း မတိုးဘူး၊ ၂ နှစ် ထပ်လုပ်ရမှာ၊ ၅၀,၀၀၀ လောက် ကိုယ်က ပြန်ပေးပြီး အလုပ်ဆင်းနေရတယ်၊ အဲ့ကောင် (မင်းအောင်လှိုင်)က မီးတွင်းထဲမှာတင် သေရမှာ” ဟု သက်ပြည့်ပင်စင်ယူခါနီး စစ်သားကြီး က ဆက်လက်ပြောဆိုသည်။

အသက် ၆၀ ဝန်းကျင် စစ်သားများသည် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီကို မကြိုက်သော်လည်း အသက်အရွယ်ကြီးမြင့်ကာ ပင်စင်ရခါနီးလည်း ဖြစ်သောကြောင့် CDM လုပ်ချင်သည့်တိုင် လုပ်သက်၊ ပင်စင်ခံစားခွင့်ဆုံးရှုံးမည်စိုးရိမ်၍ ဆက်လက် တာဝန်ထမ်းဆောင်ကြသူများအစုဖြစ်ကြောင်း CDM ဗိုလ်ကြီး ၁ ဦးက ပြောသည်။

“မင်းအောင်လှိုင်ကို မကြိုက်ဘူး၊ ဒါပေမယ့် သူတို့က အသက်လည်း ကြီးပြီ၊ ပင်စင်လည်း ရခါနီးပြီဆိုတော့ တပ်ထဲကျန်နေတဲ့သူတွေပေါ့၊ သူတို့ အခု တပ်ထဲမှာ ပညာမတတ်တဲ့သူဆို ကင်းစောင့်၊ ကြက်မွေး၊ ဝက်မွေး၊ စိုက်ပျိုးရေးလုပ်ပေါ့၊ ရုံးအလုပ် တတ်တဲ့သူက စာရေးလုပ်ပေါ့ အဲဒါတွေလုပ်ရတယ်။ သူတို့လည်း အခု ပင်စင်အသက်ကို ၂ နှစ်တိုးလိုက်တော့ ပေါက်ကွဲပြီလေ” ဟု CDM ဗိုလ်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အသက် ၆၂ နှစ်အထိ တာဝန်ထမ်းဆောင်ခိုင်းသည့်အပေါ် အောက်ခြေစစ်သား အဆင့်များက ကျေနပ်မရှိသော်လည်း ထိပ်တန်းအရာရှိပိုင်းများကမူ လိုလိုလားလား လက်ခံကြသည်ဟု သိရှိရသည်။

“ဗိုလ်မှူးကြီးအထက် ထိပ်ပိုင်းအရာရှိတွေကတော့ ပျော်တာပေါ့။ သူတို့က ခိုးနှိုက် ဇိမ်နဲ့နေရတဲ့သက်တမ်းပိုကြာတယ်လေ။ တပ်ထဲမှာ အခုနောက်ဆုံး ကကနကောင်စီ ညွှန်ကြားလွှာတွေလည်း အသက် ၆၂ နှစ်မှ ပင်စင်ပေးမယ့် ဥပဒေပြင်ဆင်ချက်ကြောင့် ထပ်ပြင်ဖို့ လုပ်နေပြီလို့သိရတယ်။ အောက်ခြေမှာတော့ စစ်မှုထမ်းသက် ပိုကြာတော့မှာဆိုတော့ စစ်တပ်က ပြေးမယ့်သူတွေ ပိုများလာနိုင်တယ်။ CDM လုပ်မယ့်သူတွေလည်း များလာဖို့ပဲရှိပါတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article