ရန်ကုန်၊ ဧပြီ ၂၈
မကွေးတိုင်း၊ မခုက္ကူမြို့နှင့် မြိုင်မြို့ကို ဆက်သွယ်ထားသော ကားလမ်းပေါ်တွင် သွားလာနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ ၂၇ ရက် ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် ပြောက်ကျားအဖွဲ့များက ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကား ၁ စီး မြောက်တက်သွားပြီး စစ်သား ၅ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ PUGF က သတင်းထုတ်ပြန်သည်။
မိုင်းခွဲခံရပြီး ထိခိုက်ဒဏ်ရာရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူနာတင်ယာဉ်များဖြင့် အကြိမ်ကြိမ် လာရောက်သယ်ဆောင်နေကြောင်း ယနေ့ ဧပြီလ ၂၈ ရက် နံနက် ၅ နာရီအထိ လူနာတင်ယာဉ်များ ရှိနေသေးကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း PUGF က ဆိုသည်။
တိုက်ခိုက်မှုကို PUGF နှင့် ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ ပုံညာဒေသတွင် စခန်းချနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ယမန်နေ့ ဧပြီလ ၂၇ ရက် ညနေ ၅ နာရီတွင် ရှုခင်းသာရေရှင်ကို ရေချိုးလာသည့် စစ်သား ၈ ဦးကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁၃ က စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး စစ်သား ၂ ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း YDF က သတင်းထုတ်ပြန်သည်။
ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရိရသည်။

