By ထွန်းမြင့်
မြန်မာပြည်သူများက တပ်မတော်ကို အပြင်းအထန် ပြစ်တင်ဝေဖန် နေခဲ့သည် မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ်အစောပိုင်း အာဏာသိမ်းမှုအပြီး၌ စစ်တပ်အပေါ် ပြည်သူများ၏ အမြင်တွင် အရေးကြီးသော အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။
စစ်တပ်၏ လက်ရှိ ရက်စက်မှုများအကြောင်း အများပြည်သူအမြင်ကို စစ်တမ်းကောက်ယူမည်ဆိုပါက တပ်မတော်အပေါ် အရပ်သားများ၏ စိတ်ခံစားမှု အစစ်အမှန်ကို ထင်ဟပ်နိုင်ရေးအတွက် “ပြစ်တင်ဝေဖန်သည်” သို့မဟုတ် “မုန်းတီးသည်” ဟူသော စကားရပ်များထက် ကျော်လွန်သုံးစွဲရန် လိုအပ်သည်။
မြန်မာ့ဓလေ့ထုံးစံအရ “နှစ်သက်ခြင်း” မှသည် “မုန်းတီးခြင်း” အထိ စိတ်ခံစားမှု အဆင့်ဆင့်ကို ဖော်ပြသော စကားလုံး အများအပြား ရှိသည်။ သို့သော် စာဖတ်သူများကို ယခုအလေးထား တင်ပြမည့် မြန်မာစကားလုံး ၂ လုံးမှာမူ အဆိုပါ စိတ်ခံစားမှုအဆင့်များ၏ အပြင်ဘက်တွင် ရှိသည် သို့မဟုတ် ၎င်းအဆင့်များကို လုံးဝ ကျော်လွန်လျက်ရှိသည်။
တပ်မတော်၏ ရက်စက်သော လုပ်ရပ်များကြောင့် အထင်အမြင် သေးခံရပြီးသား အဖွဲ့အစည်းသည် ပို၍ ဆိုးဝါးစွာ အလွန်အမင်း အထင်အမြင် သေးခံရသော အဖွဲ့အဖြစ် ထိုးဆင်းသွားပုံကို ဤစကားလုံး ၂လုံးက ဖော်ပြနေသည်။
ပထမစကားလုံးမှာ လူတစ်ဦး သို့မဟုတ် အဖွဲ့တစ်ခုခုကို ရည်ညွန်းသည့် “ကြောက်စရာ” ဟူသော စကားလုံး ဖြစ်သည်။
တပ်မတော်သည် တိုင်းရင်းသား လူနည်းစုများ အဓိကနေထိုင်ရာ နယ်စပ်ဒေသအား ၁၉၆၂ ခုနှစ် ကတည်းက အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့သလို ၁၉၈၈ လွန်ကာလများတွင်လည်း မြန်မာပြည်မ ဒေသအများအပြားကို အဆိုပါ အကြောက် တရားဖြင့်ပင် အုပ်ချုပ်ခဲ့သည်။
၁၉၉၁ ခုနှစ်က ရေးသားထုတ်ဝေခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ “အကြောက် တရားမှ လွတ်မြောက်ခြင်း” စာအုပ်၌ ထိုအကြောင်းကို ဖော်ပြခဲ့ပြီး တပ်မတော်၏ ဖိနှိပ်မှုကို ကြောက်ရွံ့ခြင်း မရှိရန် မြန်မာပြည်သူများအား သူကဆော်ဩခဲ့သည်။
ထို့အတူ အများပြည်သူအား ကြောက်စိတ် ရိုက်သွင်း၍ တည်ဆောက်ရယူ ထားသည့် အာဏာကို အနာဂတ်တွင် စွန့်လွှတ်ရမည့်အရေး ကြောက်လန့်ခြင်း မရှိရန် အကြောက်တရား လှုံ့ဆော်ရေးသမားများအတွက် တွေးခေါ်မှု လမ်း ကြောင်း ကိုလည်း သူကသင်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်အကြောင်းကို ကောင်းစွာ နားလည်သူဖြစ်သည်။ ၁၉၉၀ လွန်နှစ်များက နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့သော သူသည် ယခုတစ်ဖန် အကျဉ်းချထားခံနေရသည်။
ထိုသို့ ထပ်မံအကျဉ်းချ မခံရမီ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်အထိ ကြားကာလများ၌မူ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ကို ဆန့်ကျင်သော်လည်း ရံဖန် ရံခါ ပူးပေါင်းဆောင်ရွက်လေ့ရှိသည့် နိုင်ငံရေးပါတီတစ်ခုကို ဦးဆောင်သော ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ် ရပ်တည်ခဲ့သည်။
ယနေ့ တပ်မတော်၏ ပုံရိပ်ကို ဖော်ပြသော နောက်ထပ်စကားလုံးမှာ ” ရွံစရာ” ဖြစ်သည်။ ဤစကားလုံးသည် မုန်းတီးမှုကို ကျော်လွန်သွားသည့် ခံစားချက်ကို ရည်ညွှန်းသည်။ ၎င်းမှာ ကြောက်စိတ်မဟုတ်ဘဲ ရွံရှာခြင်း၊ အပြင်းအထန် မနှစ်မြို့ခြင်း အဓိပ္ပာယ်များကို ဖော်ညွှန်းသည်။
တစ်စုံတစ်ရာကို ရွံစရာအဖြစ် သတ်မှတ် လိုက်ပြီဆိုပါက မြန်မာတို့က ထိုတစ်စုံတစ်ရာ၏ တည်ရှိမှုကို လုံးဝ ရုစိုက်လေ့ မရှိတော့ပေ။ အဆိုပါ ရွံစရာ ဟူသော စကားလုံးသည် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့တပ်မတော်၏ အခြေအနေကို ဖော်ပြနေသည်။
မြန်မာနိုင်ငံမှ ရရှိသော သတင်းများအရ အာဏာသိမ်းမှုကို ဆန့်ကျင်ပါက မိမိတို့၏ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကောင်းစွာ သိရှိလျက်ပင် ဆန့်ကျင်နေကြခြင်းကို ကြည့်၍ သိရှိနိုင်သည်။
လူတစ်ဦး၊ အဖွဲ့တစ်ခု၊ အကြောင်းအရာ တစ်ခုခုသည် အဆိုပါ ရွံစရာအဆင့်သို့ ကျဆင်းသွားပါက မြန်မာတို့က အဆိုပါ လူ/အဖွဲ့/အကြောင်းအရာကို နှစ်သက်သလား သို့မဟုတ် မုန်းတီးသလား အရေးတယူ ဆက်လက် စဉ်းစားခြင်း မရှိတော့ပေ။
ရွံစရာဆိုသည်ကို လုံးဝတန်ဖိုး မထားတော့သော အဖိုးမဲ့ပစ္စည်းအဖြစ် စွန့်ပစ်လိုက် ကြသည်။ လူတို့က ရွံစရာကို မိမိတို့၏ မှတ်ဉာဏ်ထဲမှ ဖျောက်ဖျက်ပစ်ရန် ကြိုးပမ်းကြသည်။
ရွံစရာအဖွဲ့ တစ်ခုတွင် လေးစားစရာကျင့်ဝတ်၊ စာရိတ္တများ မရှိတော့ဘဲ သဘာဝလောက သို့မဟုတ် လူသားကမ္ဘာအတွက် တန်ဖိုးများ ကင်းမဲ့နေသည်။ ရွံစရာအဖြစ် သတ်မှတ်ထားသူတစ်ဦးအား မြန်မာတို့က လောက်ကောင်အပြည့်နှင့် မစင်ပုပ်ထက် အဆတစ်ထောင် ပိုဆိုးသည်ဟု မြင်သာအောင် ခိုင်းနှိုင်း ပြောဆိုလေ့ရှိကြသည်။
တပ်မတော်အား ကြောက်စရာအဖြစ်မှ ရွံစရာအဖြစ် အမြင် ပြောင်းလဲသွားခြင်းမှာ မည်သို့အရေးပါနေသနည်း။ အဖွဲ့တစ်ခုခုကို ကြောက်စရာအဖြစ် ယူဆပါက ၎င်းအဖွဲ့တွင် တရားမမျှတမှုများ၊ မနှစ်သက်စရာများ ရှိနေလင့်ကစား အဖွဲ့အတွင်း၌ ကိန်းနေသည့် တန်ဖိုးတစ်ခုခု ရှိနေသေးသည်ဟု မြန်မာတို့က မှတ် ယူနေဆဲ ဖြစ်သည်။
တပ်မတော်က ကြောက်စိတ်ကို ထုတ်လုပ်သည့်အခါ ၎င်းတို့သည် လူ့အဖွဲ့အစည်းအား အလုပ်အကျွေး ပြုသင့်သော မိမိတာဝန်ဝတ္တရားအား ထမ်းဆောင်ခြင်းမရှိဟု နားလည်ကြသော်လည်း ၎င်းတို့ကို ပြုပြင်ပြောင်းလဲနိုင်ပါက အကျိုးပြုလာလိမ့်မည်ဟု မျှော်လင့်ချက် ရှိနေသေးသည့်သဘော ဖြစ်သည်။
ကိုယ်ကျိုး အကြည့်ဆုံး၊ အတ္တအကြီးဆုံး၊ တကိုယ်ကောင်းအဆန်ဆုံး အနိုင်ကျင့်ဗိုလ်ကျသူ တစ်ဦးဆိုလျှင်ပင် နောက်ဆုံးတွင် ပြောင်းလဲလာနိုင်သည့် အလားအလာရှိနေသည်။
သို့သော် တစ်စုံတစ်ခုအား လုံးဝရွံရှာ စက်ဆုပ်စရာအဖြစ် သတ်မှတ်လိုက်သည့်အခါ ၎င်းတွင် ကိန်းအောင်း နေနိုင်သည့် တန်ဖိုးတစ်ခုခုကို တိုင်းတာပေးမည့် စံပေတံကို မြန်မာတို့က ရှာမတွေ့တော့ပေ။
အကြောက်တရား ထုတ်လုပ်သော အဖွဲ့အဖြစ်မှ ပိုမိုကောင်းမွန် ထိုက်တန်သည့် ယုံကြည်စိတ်ချရသော အဖွဲ့အဖြစ် တပ်မတော်အား မည်သို့ပြောင်းလဲမည်ကို မြန်မာတို့က ဆက်လက် မဆွေးနွေးတော့ပေ။ ထို့အတူ တပ်မတော်ကို ပြုပြင်ပြောင်းလဲလိုသည့် ဆန္ဒလည်း ၎င်းတို့တွင် မရှိကြတော့ပေ။ တပ်မတော်ကို လုံးဝသာ ဖယ်ရှားပစ်ချင်လာကြသည်။
အာဏာသိမ်းပြီးပြီးချင်း တပ်မတော်၏ ရက်စက်စွာ ဖြိုခွဲနှိမ်နှင်းမှုများနှင့် ရင်ဆိုင်ရသည့်အခါ မြန်မာဆန္ဒပြ သူများ၊ အထူးသဖြင့် ဂျနရေးရှင်း ဇက် (Gen Z) လူငယ်များတွင် အဘယ့်ကြောင့်ကြောက်စိတ် မရှိရသည်ကို ကမ္ဘာက တအံ့တဩ ဖြစ်ရသည်။
ထိုသို့ ကြောက်စိတ် ကင်းမဲ့လာရသည့် အကြောင်းရင်းတစ်ရပ်မှာ တပ်မတော်ကို လူများက ရွံစရာဟု မှတ်ယူလာကြသည့် အချက်ပင် ဖြစ်သည်။
၂၀၂၂ ခုနှစ် မတ်လကုန်အထိ မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသရှိ လွတ်လပ်သော သတင်းအဖွဲ့များနှင့် အန်ဂျီအိုများ၏ အဆိုအရ မြန်မာစစ်တပ်သည် ကျေးရွာများ၊ မြို့များရှိ နေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် လူ ၁၇,၃၅ ဦးကို သတ်ဖြတ်ကာ ၁၃,၁၇၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု သတင်းရရှိသည်။
လွတ်လပ်သော အချက်အလက် ရှာဖွေရေးအုပ်စုတစ်ခုကလည်း တည်နေရာ ၂၂၂ ခုရှိ နေအိမ်ပေါင်း ၇,၉၇၃ လုံးကို တပ်မတော်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ၎င်းတို့အနက် အိမ်ပေါင်း ၄,၉၅၄ လုံးမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အများဆုံးလှုပ်ရှားရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ နေအိမ်များ ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံသည် ကြီးမားသည့်အတိုင်းအတာရှိသော အကြမ်းဖက်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ တပ်မတော်က အာဏာသိမ်းမှု နောက်ပိုင်းတွင် အတင်းအကြပ် ထိန်းသိမ်းခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအား မလိုအပ်ဘဲ အင်အားအလွန်အကျွံ သုံးစွဲနှိမ်နှင်းခြင်း၊ တရားမဲ့သတ်ဖြတ်ခြင်း၊ ထိန်းသိမ်းထားစဉ် ကောင်းမွန်စွာ မဆက်ဆံဘဲ ညှင်းပန်းနှိပ်စက်ခြင်း စသည်တို့ ဖြစ်ပွားလျက်ရှိကြောင်း” ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မတ် ၁၅ ရက်နေ့တွင် အစီရင်ခံတင်ပြသည်။
ထို့အတူ အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက တပ်မတော်၏ စစ်ဆင်ရေး အမျိုးမျိုးကြောင့် ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးရသူ ၄၄၀,၀၀၀ ခန့်ရှိမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။
တရားမဲ့ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများ၊ ကျေးရွာများအား ဗုံးကြဲခြင်း၊ မီးရှို့ခြင်းများကြောင့် တပ်မတော်သည် ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းတွင်မှ အဆိုပါ ရွံစရာ ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။
သို့သော် လူနည်းစု တိုင်းရင်းသား အများစုအတွက်မူ တပ်မတော်သည် ၁၉၈၈ ခုနှစ်မတိုင်မီ ဆယ်စုနှစ်များစွာ ကတည်းက အဆိုပါ “ရွံစရာ” အဆင့်ကို ရရှိထားပြီး ဖြစ်သည်ဟု စောဒက တက်ကောင်း တက်နိုင်သည်။
ထို့ကြောင့် ယခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်အရောက်မှ တပ်မတော်အပေါ် မြန်မာတို့၏ အမြင်များ မည်သို့ လျင်မြန်စွာ ပြောင်းလဲသွားရသည်ကို နားလည်ရန် အရေးကြီးသည်။
(ဤဆောင်းပါးမှာ ဧပြီလ ၂၁ ရက်နေ့ The Diplomat တွင် ဆရာထွန်းမြင့် ရေးသားထားသည့် “How the Coup Shattered the Image of Myanmar’s Military” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆို ထားခြင်းဖြစ်သည်။)