ရန်ကုန်၊ ဧပြီ ၂၈
ချင်းပြည်နယ်၊ မတူပီ-မင်းတပ်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ မတူပီက ယနေ့ ဧပြီလ ၂၈ ရက် နံနက် ၇ နာရီခွဲတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း CDF-မတူပီ က သတင်းထုတ်ပြန်သည်။
အဆိုပါ ယာဉ်တန်းသည် စစ်ကား အစီးရေ ၇၀၊ စစ်သား အင်အား ၃၀၀ ခန့်ဖြင့် မတူပီမြို့မှ မင်းတပ်ဘက်သို့ ပြန်လည်ထွက်ခွာလာသော ယာဉ်တန်းဖြစ်ပြီး မတူပီမြို့နှင့် ၁၆ မိုင်အကွာတွင် ဖြစ်ပွားသော ယနေ့ တိုက်ပွဲတွင် CDF ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်း မတူပီမြို့မှ ၈ မိုင်အကွာသို့ရောက်စဉ် ယမန်နေ့ ဧပြီလ ၂၇ ရက် ညနေ ၄ နာရီခွဲတွင် CDF-မတူပီက တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သိရှိရသည်။
မတူပီ-မင်းတပ် ကားလမ်းသည် ၁၀၈ မိုင်ခန့်ကွာဝေးပြီး အဆိုပါစစ်ယာဉ်တန်းသည် မတူပီမြို့သို့ ထွက်ခွာလာစဉ် လမ်းတလျှောက် CDF-မင်းတပ်က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်သား အများအပြား သေဆုံးခဲ့သည်။
ဓါတ်ပုံ – မတူပီ-မင်းတပ် ကားလမ်းတွင် တွေ့ရသော စစ်ယာဉ်တန်း (ပုံအဟောင်းဖြစ်ပါသည်)