38 C
Yangon

ကရင်နီပြည်နယ်တွင် ဧပြီလ နောက်ဆုံးတပတ် တိုက်ပွဲများ၌ စစ်သား ၂၄ ဦးသေဆုံး၊ လောပိတ ရေလျှံထိန်းလုံခြုံရေးရဲကင်းမှ ရဲ ၇ ဦးကို အရှင်ဖမ်းမိ၊ သေနတ် ၇ လက်နှင့် ကျည်ဆံများ ရရှိ

Must read

ရန်ကုန်၊ မေ ၁

ကရင်နီပြည်နယ်တွင် ဧပြီလ နောက်ဆုံးတပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဒီးမောဆိုနှင့် ဖရူဆိုမြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၂၄ ဦး သေဆုံးကြောင်း၊ လွိုင်ကော်မြို့နယ် လောပိတ ရေလျှံထိန်း လုံခြုံရေးရဲကင်းမှ ရဲ ၇ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။

ဒီးမောဆိုမြို့နယ်တွင် ဧပြီလ နောက်ဆုံးတပတ်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေပြီး ဒေါခမီးတိုက်ပွဲတွင် KNDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ် ထားလဲမှ ဘောလခဲမြို့နယ် နန်းဖဲဘက်သို့ ထိုးဖောက်နိုင်ရန် စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ ကရင်နီ ပြည်နယ်သို့ စစ်ကား ၃၀ စီး ပါယာဥ်တန်းဖြင့် အင်အားဖြည့်တင်းလျက်ရှိကြောင်း KNDF က ဆိုသည်။

ဧပြီလ ၂၉ ရက်တွင် လောပိတ ရေလျှံထိန်းလုံခြုံရေးရဲကင်းကို ကရင်နီတပ်မတော် KA နှင့် KNDF တပ်ဖွဲ့ဝင်များက အလစ်ဝင်စီးခဲ့ပြီး လုံခြုံရေးရဲ ၇ ဦးကို လက်နက် ၇ လက် ကျည်ဆံများနှင့် အတူ လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကရင်နီပြည်ရဲဌာန (KSP) သို့ လွှဲအပ်ထားကြောင်း သိရှိရသည်။

ဒီးမောဆိုမြို့နယ် ကုန်းသာ၊ ဒေါငံခါးနှင့် ခေါက်ပလော့ရပ်ကွက်များတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်း တပ်များမှ တိုက်ခိုက်နေပြီး ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း KNDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article