29 C
Yangon

နတ်မောက် အိုင်မကြီးရွာကို စစ်တပ်က ဝင်စီး ပြည်သူ ၄ဦးကို လက်ပြန် ကြိုးတုပ်ပြီး ရွာလမ်းမ အတိုင်း ပြေးခိုင်းကာ ရိုက်နှက် ဖမ်းဆီး၊ လောင်းလုံး တွင်လည်း ၁ဝတန်းကျောင်းသူ မသဲရတနာထွေးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး၊ မူဆယ်တွင် မောင်ဖြစ်သူ PDF တပ်ဖွဲ့ဝင်ကို ဖမ်းမမိ၍ အမဖြစ်သူကို စစ်တပ်က ဓားစာခံ အဖြစ် ဖမ်းဆီး

Must read

ရန်ကုန်၊ မေ ၁

မကွေးတိုင်း နတ်မောက်မြို့နယ် အိုင်မကြီးကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁ရက်နေ့ နံနက် ၅နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၄ဦးကို ဖမ်းဆီးကာ လက်ပြန်ကြိုးတုပ်ပြီး ရွာလမ်းမ အတိုင်းပြေးခိုင်းကာ ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ကျေးရွာအတွင်းသို့ စစ်ကား ၁စီး လူအင်အား ၅ဝခန့်ဖြင့် ရောက်ရှိလာပြီး လယ်စောင့်တဲ ၁လုံးကို မီးရှို့ဖျက်ဆီးကာ လယ်စောင့်တဲ ပိုင်ရှင်နှင့် ကျေးရွာအတွင်းက ပြည်သူ ၃ဦးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” ဧပြီလ ၂၆ရက်နေ့က စစ်တပ် ရွာကို ဝင်စီးစဉ်က ရွာကို မီးရှို့မယ်လို့ သူတို့က ပြောသွားလို့ ရွာသားတွေက ဆန်နဲ့ ရိက္ခာတွေကို ရွာအနီး ယာတဲတွေထဲမှာ ထားထားတာကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ အမြင်နဲ့ လုပ်သွားတာပါ။ တဲပိုင်ရှင် တစ်ယောက်နဲ့ အခြားရွာသား ၃ဦးကို ရွာနားမှာ PDF တွေ ရှိမယ်။ အထင်နဲ့ ရွာသားတွေကို ဖမ်းပြီး လူသားဒိုင်း ပုံစံနဲ့ ကြိုးတုပ်ပြီး ‌ရှေ့ကနေ ရွာလမ်းအတိုင်း ပြေးခိုင်း မှောက်ခိုင်းပြီး ရိုက်နှက် ဖမ်းဆီးသွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာ အနီး ဧပြီလ ၂၆ ရက်နေ့က ငါးပြေမပြောက်ကျား တပ်ဖွဲ့၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ရဲ တစ်ဦးသေဆုံကာ တစ်ဦး ဒဏ်ရာရမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အနီးနားရှိကျေးရွာများကို ဝင်ရောက်စီးနင်း သောင်းကျန်းနေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်‌ မောင်းမကန် ကျေးရွာတွင် နေထိုင်သော ဆယ်တန်းကျောင်းသူ မသဲရတနာထွေးကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၈ရက်နေ့ ညနေ၆နာရီ ၃ဝမိနစ်တွင် အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် မသဲရတနာထွေးကို ဖမ်းဆီးပြီးနောက် ထားဝယ် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားပြီး လက်ရှိချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း သိရသည်။

” ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတော့ မသိရဘူး။ ၂၈ ရက်နေ့ ညနေ ၆နာရီ ၃ဝမိနစ်လောက်က နေအိမ်မှာ လာဖမ်းသွားတာ ဖမ်းပြီးတော့ တစ်ခါတည် ထားဝယ် အကျဉ်းထောင်ကို ပို့လိုက်တယ်လို့သိရတယ်။ မိသားစုနဲ့ အခုချိန်ထိ တွေ့ခွင့်မရသေးဘူး” ဟု လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများသမဂ္ဂမှ အဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ် မူဆယ်မြို့တွင် ရွှေထည် ပစ္စည်းများအား Onlineမှ စျေးရောင်းသူ မနွေးရတနာနွယ်ကို ရွှေထည်ပစ္စည်းများ ဝယ်ယူမည်ဆိုကာ အကြမ်းဖက် စစ်တပ်က ချိန်းဆိုပြီး ဧပြီလ ၃ဝ ရက်နေ့ ညနေ ၄နာရီ ၃ဝမိနစ်တွင် ဖမ်းဆီးသွားကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော မနွေးရတနာနွယ်၏ မောင်ဖြစ်သူ မူဆယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PSDA) တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ကာ ၎င်း၏ လုပ်ရပ်ကို မိသားစုက လက်မခံသောကြောင့် အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာထားသောလည်း စစ်တပ်က အမဖြစ်သူကို ဖမ်းဆီးပြီး မောင် ဖြစ်သူနှင့် ပြန်လဲရန် ပြောဆိုကြောင်း သိရသည်။

” သူတို့လိုချင်တဲ့ မနွေးရတနာနွယ်ရဲ့ မောင်က မူဆယ် PSDA ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် သူ့ကို ဖမ်းမရလို့ အမဖြစ်သူကို ဖမ်းတာလို့ သိရတယ်။ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်ကိုလည်း သူ့အိမ်က အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာပြီးသား အဲ့အမကို ရဲစခန်းမှာ သွားတွေ့တော့ ရဲက သူ့မောင်နဲ့ ပြန်လဲမလားလို့ မေးတယ်လို့ သိရတယ်”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article