ရန်ကုန်၊ မေ ၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ကို စစ်ကောင်စီက တစ်နေကုန် စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်နေပြီး ကျေးရွာများရှိ ပြည်သူနေအိမ်များမီးလောင်ကာ ဘုန်းကြီးကျောင်းတစ်ခု ပျက်စီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
KNU တပ်မဟာ ၁ နယ်မြေ၊ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နံနက် ၈ နာရီမှ စတင်ပြီး စစ်ကောင်စီက လက်နက်ကြီးများ၊ ရဟတ်ယာဉ်များ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို တစ်နေကုန် လုပ်ဆောင်လျက်ရှိကြောင်း၊ ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်၊ လေးကေ ကျေးရွာမှ နေအိမ် ၃ လုံး၊ ဘုန်းကြီးကျောင်း ၁ ခု မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။
“မနက် ၈ နာရီလောက်ထဲကနေ ကမမောင်း ဘက်က ၁၂၀ မမ တွေနဲ့ လေးကေ ဘက်ကို လှမ်းပစ်တယ်။ နေ့လယ်၁၁နာရီလောက်က စပြီး ရဟတ်ယာဉ် ၂ စီးမော်လမြိုင် ကနေလာပြီး ၁၀ မိနစ်လောက် လက်နက်ကြီး အလုံး ၂၀
မက လာပြီးပစ်တယ်။ ခဏနေတော့ fighter jet တစ်စီးထပ်လာပြီးပစ်တယ်။ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်မှာ တောင်ငူလေတပ် စခန်းက ၂ စီးထပ်လာတယ်လို့ သတင်းရတယ်။ထိခိုက်ဒဏ်ရာရသူတချို့ရှိပါတယ် ။နေ့လည်ကလေယာဉ်နဲ့ဗုံးကျဲအပြီးအိမ်တွေမီးလောင်တယ်။ ဒီနေ့တစ်ရက်တည်းနဲ့လေးခါရှိပြီ နေမကုန်သေးဘူး” ဟု ဘီးလင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
အခြားဒေသခံတစ်ဦးကလည်း “လေးကေရွာသား ၃ ဦးထိခိုက်ဒဏ်ရထားရတယ်။ အခုပြေးနေရတယ်။ လေးကေ ရွာမှာ လေယာဉ်ပစ်တာ။ အိမ် ၃ လုံးမီးလောင်သွားပြီ။ ဘုန်းကြီးကျောင်းလည်းမီးလောင်နေတယ်။ ဖုန်းလိုင်းတွေတက်လိုက်ကျလိုက်ဖြစ်နေတယ်” ဟု ပြောဆိုသည်။



