25 C
Yangon

သန်လျင်မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၊ ကြံ့ဖွတ်အမတ်လောင်း ရန်နိုင်ရွှေ ပစ်သတ်ခံရပြီးနောက် သန်လျင်တံတားပိတ်ဆို့ စစ်ဆေးမှုနှင့် ဧည့်စာရင်းစစ်မှုများ ဖြစ်နေ

Must read

ရန်ကုန်၊ မေ ၂

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ စစ်ကောင်စီ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၂၊ ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ရန်နိုင်ရွှေ မေလ ၁ ရက်နေ့ ဆံပင် ညှပ်နေစဉ် ပစ်ခတ်ခံရ၍ သေဆုံးသွားပြီးနောက် သန်လျင်တံတားကို ပိတ်ဆို့ စစ်ဆေးခြင်း၊ ဧည့်စာရင်း စစ်ခြင်းများလုပ်ဆောင်နေကြောင်း သန်လျင်မြို့ခံများထံမှ သိရှိရသည်။

မေလ ၁ ရက်နေ့ ညနေ ၆ နာရီအချိန် ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်နေသော ရန်နိုင်ရွှေကို သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ရာ သေဆုံးသွားခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပြီး ညနေ ၆ နာရီခွဲအချိန်မှစတင်ပြီး ည ၁၀ နာရီအထိ သန်လျင်တံတားနှင့် ကုလားဝဲတံတားကို စစ်တပ်က ပိတ်ဆို့၍ စစ်ဆေးမှုများကြမ်းရမ်းစွာလုပ်ဆောင်ခဲ့ကြောင်း၊ မေလ ၁ ရက်နေ့ ည ၁၂ နာရီတွင်လည်း သန်လျင်မြို့နယ် နေရာအနှံ့အပြားတွင် ဧည့်စာရင်းစစ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“တံတားတွေလည်း ၃ နာရီလောက်ပိတ်တယ်။ အခုလည်း ဧည့်စာရင်းစစ်တယ်ဆိုတာကြားနေရတယ်။ စစ်တယ်ဆိုတာ အကုန်လုံး စစ်တာမဟုတ်ဘူး။ သူတို့ မသင်္ကာတဲ့အိမ်တွေကို အတင်းဝင်စစ်တာ။ ရှာတာလုပ်တယ်။ မနက်ဖြန်လည်း တံတားပိတ်မယ်ကြားတယ်။ ညနေက အသတ်ခံရတာက မြို့နယ်ကောင်စီဝင်ဆိုတော့ အတော်ဂယက်ရိုက်နေတယ်” ဟု သန်လျင်ဒေသခံတစ်ဦးက ပြောဆိုသည်။

မေလ ၁ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ပကဖ)က မြို့နယ် စီမံအုပ်ချုပ်မှုကောင်စီအဖွဲ့ဝင်၊ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၊ သွေးသောက် အဖွဲ့ခေါင်းဆောင် ၊ ၂၀၂၀ ရွေးကောက်ပွဲဝင် ကြံ့ဖွတ်အမတ်လောင်း ရန်နိုင်ရွှေ ကို ပစ်ခတ် ရှင်းလင်းကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ-မေလ ၁ ရက်နေ့ ည ၁၀ နာရီအထိ သန်လျင်တံတားပိတ်ထားစဉ် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article