ရန်ကုန်၊ မေ ၃
မြန်မာနိုင်ငံတစ်ဝန်း မေလ ၁ ရက်နေ့မှစတင်ပြီး လျှပ်စစ်မီး ၄ နာရီလာ ၊ ၁၂ နာရီ မီးပြတ်သည့်စနစ် စတင်ကျင့်သုံးနေကြောင်း လျှပ်စစ်ဝန်ထမ်းများထံမှ သိရှိရသည်။
လက်ရှိတွင် လျှပ်စစ်ဓာတ်အား ရရှိမှု အလွန် လျော့နည်းနေသည့်အတွက် ရပ်ကွက်များအလိုက် ၄ နာရီမီးပေး၊ ၁၂ နာရီ မီးပြတ်သည့်စနစ်ကို စတင်ကျင့်သုံးနေရခြင်းဖြစ်သည်ဟု လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောသည်။
“အရင်က A B အုပ်စု နှစ်ခုပဲရှိရင် အဲဒါကို အုပ်စု ၄ ခု အဖြစ် ထပ်ခွဲတယ်။ မီးလာ မီးပြတ်ကတော့ ၄ နာရီလာ ၊ ၄ နာရီ မီးပြတ်ပဲ။ ဒါပေမယ့် ခွဲလိုက်တဲ့ အုပ်စုက များတော့ ၄ နာရီ မီးရပြီး ကိုယ့်အလှည့်ပြန်ရောက်ဖို့ဆိုရင် အုပ်စု ၃ ခု မီး အလှည့်ကျပေးတာကို ပြန်စောင့်ရမယ်။ အဲဒီတော့ ၄ နာရီမီးရပြီးရင် ၁၂ နာရီ မီးပြတ်သွားမယ်။ နောက်ပြီး ကြားထဲမှာ ဝန်အားလုံး၀ မနိုင်လို့ လျှော့ချရတာမျိုးဆိုရင်လည်း ကြေညာထားတဲ့အတိုင်း မီးပေးချင်မှလည်း ပေးနိုင်တယ်။ မိုးရွာရင်တော့ ရေအားလျှပ်စစ်ဘက်က ဓာတ်အားပိုရလာရင်တော့ တဖြည်းဖြည်း မီးလာချိန်တိုးသွားမှာပါ” ဟု လျှပ်စစ် သတင်းရင်းမြစ်က ပြောသည်။
ရန်ကုန်မြို့တော်၊ မန္တလေးမြို့၊ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးတွင် ယမန်နေ့ည ၉ နာရီက System Break Down ဖြစ်ပြီး တစ်နိုင်ငံလုံး မီးပြတ်သွားကြောင်း၊ ည ၁၀ နာရီဝန်းကျင်မှ ပြန်လာပြီး မကြာမီ မြို့ကြီးအများစုတွင် မီးထပ်ပြတ်သွားသည်ဟု သိရှိရသည်။
“မီးကဗျာ ဆင့်—– ခွေးမျှော်ရသလိုပဲ..။ ပူကပူ.. မီးကမလာ….ဟို အာဏာ သိမ်းတဲ့ မအလကိုပဲ လှိမ့်ဆဲနေတာပဲ။ အရင်ခေတ်(ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD) မှာ မီးမှန်လိုက်တာမှ မီတာခ တက်မှာစိုးလို့တောင် ပိတ်ထားရတာ။ မအလတက်မှပဲ ခံလိုက်ရတဲ့ ဒုက္ခတွေ.. မအလ သေလည်း မသေနိုင်ဘူး..ပြည်သူတွေကို ဒုက္ခပေးနေတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်မြို့တော်မြင်ကွင်း။ Photo- Trip။