25 C
Yangon

မြန်မာငွေစက္ကူအသစ်များ ရိုက်နှိပ်ရန် ဥဇဘက်ကစ္စတန်မှ စက္ကူကုန်ကြမ်း တန် ၁၀၀ နီးပါး တင်ဆောင်လာသော IRA4705 လေယာဉ် နေပြည်တော် ဆိုက်ရောက်၊ စစ်တပ်က ငွေစက္ကူကုန်ကြမ်းများ အကန့် အသတ်မရှိတော့ဘဲ ဆက်တိုက်တင်သွင်းနေ

Must read

ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံတွင် ငွေစက္ကူအသစ်များ ရိုက်နှိပ် ထုတ်ဝေရန် ဥဇဘက်ကစ္စတန်နိုင်ငံမှ ငွေစက္ကူကုန်ကြမ်း တန် ၁၀၀ နီးပါး တင်ဆောင်လာသော IRA4705 – Boeing 747-21AC လေယာဉ် နေပြည်တော်တွင် ဆင်းသက်နေပြီး ငွေစက္ကူကုန်ကြမ်းများကို စစ်တပ်က ရွှေ့ပြောင်း သယ်ယူနေကြောင်း သိရှိရသည်။

အီရန်လေကြောင်းပိုင် IRA4705 ကုန်တင်လေယာဉ်သည် နေပြည်တော်လေဆိပ်သို့ ယနေ့ မေလ ၃ ရက်နေ့ ၁၂ နာရီ ကျော်ဝန်းကျင် ဆိုက်ရောက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ လေယာဉ် IRA4705 လာရောက်မှုကို လေယာဉ်များ သွားလာမှုပြ Application များတွင် ရှာမတွေ့စေရန် လုပ်ဆောင်ပုံရကြောင်း၊ ယင်းလေယာဉ် နေပြည်တော်လာမည့် ခရီးစဉ် အကြိမ်ကြိမ် ရွှေ့ဆိုင်းပြီးမှ ယနေ့ မေ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်တွင် ဆင်းသက်ခြင်းဖြစ်ကြောင်း၊ ငွေစက္ကူကုန်ကြမ်းတန်ချိန် ၁၀၀ နီးပါး သယ်ဆောင်လာပြီး ညနေ ၆ နာရီကျော်တွင် လေယာဉ် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်မှစတင်ပြီး ငွေစက္ကူကုန်ကြမ်းများကို ဥဇဘက်ကစ္စတန်နိုင်ငံမှ အကြိမ်ကြိမ် တင်သွင်းလျက်ရှိရာ မတ်လ ၃၁ ရက်နေ့တွင် IRA4705 လေယာဉ်ဖြင့်လည်းကောင်း၊ ဧပြီလ ၁၇ ရက်နေ့ကလည်း အီရန်က Fars Qeshm လေကြောင်းလိုင်းမှ Boeing 747-281B လေယာဉ် Flight Number QF9977 ဖြင့် ငွေစက္ကူတန်ချိန်များစွာ နေပြည်တော်လေဆိပ်သို့ တင်သွင်းခဲ့ပြီးဖြစ်သည်။


၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဂျာမနီကုမ္ပဏီ Giesecke Devrient က မြန်မာငွေစက္ကူ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းပစ္စည်း တင်သွင်းမှု အားလုံးကို စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

ယင်းနောက်ပိုင်း စစ်တပ်က ငွေစက္ကူ ကုန်ကြမ်းများနှင့် ငွေစက္ကူမင်များကို လက် လှမ်းမီရာ နီးစပ်ရာနိုင်ငံများမှ တောက်လျှောက်ဆိုသလို တင်သွင်းနေခြင်းဖြစ်ပြီး ဥဇဘက်ကစ္စတန်မှ ငွေစက္ကူကုန်ကြမ်းများကို ဆက်တိုက်ဆိုသလို တန်ချိန် ပေါင်းများစွာ တင်သွင်းနေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article