25 C
Yangon

အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမီးရှို့ခဲ့သောကြောင့် ရွာလုံးကျွတ် ပြာကျ ခဲ့သော ကလေးမြို့ အရှေ့စည်းရွာ

Must read

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း အရှေ့စည်းရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် အရှေ့စည်းရွာရှိ ၎င်းတို့ တပ်စွဲခဲ့သော ဘုန်းကြီး ကျောင်းနှင့် စာသင် ကျောင်းမှလွဲ၍ ပြည်သူပိုင် နေအိမ် အားလုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး အရှေ့စည်းရွာသည် ပြည်သူပိုင် နေအိမ် ၉ဝဝကျော်ရှိသော ကျေးရွာကြီး တစ်ရွာဖြစ်ကြောင်း သိရှိရသည်။

“ကလေးမြို့နယ် အရှေ့စည်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့သွားပါတယ်။ အိမ်ခြေ ၉ဝဝ ကျာ်ရှိတဲ့ရွာပါ။ မီးရှို့ခံရတာက မေလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ တွေမှာ မီးရှို့ခံရတာပါ။ အကောင်း အတိုင်း ကျန်ရစ်တဲ့ အဆောက်အအုံ ၃လုံးပဲရှိတော့ပါတယ်။ စစ်တပ်က ပြည်သူပိုင် အိမ်တွေမှာရှိတဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူပြီးတော့မှ မီးရှို့တာပါ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တပ်က ဧပြီလ ၂၇ ရက်နေ့တွင် အရှေ့စည်းကျေးရွာကို စစ်ကြောင်း ထိုးလာစဉ် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီးနောက် အရှေ့စည်းကျေးရွာကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၃ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက်နေပြီး စစ်ဘေးရှောင် ပြည်သူများကိုပါ ပစ်ခတ်နေကာ လက်ရှိအချိန် စစ်ရှောင်ပြည်သူများသည် နေထိုင်ရေးနှင့် စားသောက်ရေးများပါ အကူအညီလိုအပ်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာသား ပြည်သူ ၃ဦး သတ်ဖြတ်ခဲ့သည်ဟု သတင်းထွက်ပေါ်နေသော်လည်း ဖြစ်စဉ် မှန်ကန်မှုရှိမရှိကို အတည် မပြုနိုင် သေးဘဲ ကျေးရွာနေပြည်သူ အားလုံး ရွာထဲသို့ ပြန်လည် ရောက်ရှိ လာခြင်း မရှိသောကြောင့် စစ်တပ် သတ်ဖြတ်ခဲ့ခြင်း ရှိမရှိကို အတည်ပြုနိုင်ရန် ခက်ခဲနေကြောင်း ဒေသခံများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article