25 C
Yangon

စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်နေသည့် မင်းအောင်လှိုင်စစ်တပ်၏ ဝင်ငွေ ရေနံနှင့်ဓာတ်ငွေ့ အခွန်များ ပိတ်ဆို့ရေး အမေရိကန်သမ္မတထံ အရပ်ဘက်အဖွဲ့ ၆၂၆ ဖွဲ့နှင့် ပြည်သူ ၂ သိန်း ၂ သောင်းက အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆို

Must read

ရန်ကုန်၊ မေ ၇

စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်နေသည့် မင်းအောင်လှိုင်စစ်တပ်၏ ဝင်ငွေ ရေနံနှင့်ဓာတ်ငွေ့ အခွန်များ ပိတ်ဆို့ရေး အမေရိကန်သမ္မတထံ အရပ်ဘက်အဖွဲ့ ၆၂၆ ဖွဲ့နှင့် ပြည်သူ ၂ သိန်း ၂ သောင်းက အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ မှ ဝင်ငွေများကို ပိတ်ဆို့အရေးယူရန် နှင့် လူမျိုးတုံးသတ်ဖြတ်သော စစ်အုပ်စု ဆီသို့ အခွန်ဘဏ္ဍာငွေများ လွှဲပြောင်းနေမှုကို ရပ်တန့်စေရေး မြန်မာ၊ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း (၆၂၆) ဖွဲ့နှင့် ပြည်သူ ၂သိန်းကျော် လက်မှတ်ရေးထိုးတောင်းဆိုကြကြောင်း၊ မေလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ သမ္မတ ဘိုင်ဒင်နှင့် ASEAN (အာဆီယံ) ခေါင်းဆောင်များ ဝါရှင်တန်ဒီစီ တွင် တွေ့ဆုံမည်ဖြစ်ကာ မြန်မာပြည်ရှိ လူ့အခွင့်အရေး အခြေအနေများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအတွက် ဆွေးနွေးကြမည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ASEAN ၏ အချက် ငါးချက်ပါ ဘုံသဘောတူညီချက်ကို သဘောတူညီခဲ့ပြီး တစ်နှစ်အကြာတွင် မြန်မာစစ်တပ်သည် မြန်မာပြည်သူများကို အကြမ်းဖက်နေမှုအား ရပ်တန့်ရန် ပျက်ကွက်ကာ ဒီမိုကရေစီ လူထုလှုပ်ရှားမှုများအား ရက်စက်စွာ ဆက်လက်ဖြိုခွင်းနေပြီး တိုင်းပြည်အနှံ့ သန်းပေါင်းများစွာသော ပြည်သူများ လက်ငင်း လိုအပ်နေသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို လည်း ဆက်လက် ပိတ်ဆို့ထားဆဲ ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာ လူသားချင်း စာနာထောက်ထားမှု နှင့် ဆေးဘက် ဆိုင်ရာ ဝန်ထမ်းများကိုလည်း ဖိနှိပ် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ASEAN သည်လည်း စတင်ခဲ့စဉ်က ရည်ရွယ်ချက် ကောင်းမွန်စွာဖြင့် လုပ်ဆောင်ခဲ့သော်လည်း အကြောင်းရင်းခံ ညီညွတ်မှု သို့မဟုတ် ဥပဒေအရ အသိအမှတ်ပြုခံရမှု မရှိသော အချက်များ အဖြစ်သို့ လျှောကျခဲ့ရသည့် ဘုံသဘောတူညီမှု ငါးရပ် အပေါ် အကောင်အထည်ဖော်ရာတွင်လည်း တိုးတက်မှုများ မဆောင်ကျဉ်းနိုင်ခဲ့ပေ။

သမ္မတဘိုင်ဒင် အစိုးရအနေဖြင့် ASEAN ၏ ဦးဆောင်မှုကို မှီတည်နေခြင်း မရှိဘဲ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ရပ်ဆိုင်းရန် အတွက် မြန်မာပြည်သူအပေါ် စစ်အုပ်စု၏ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းအရှိန်မြှင့်တင်ခြင်းတို့အတွက် လိုအပ်သော အရင်းအမြစ်များ ဖြတ်တောက်ရန် လိုအပ်ကြောင်း ပြည်သူများက တောင်းထားသည်။

ပြည်သူ ၂ဝ,ဝဝဝ ကျော် ၏ အသံကို သမ္မတဘိုင်ဒင် အစိုးရက ဦးစားပေး ခြေလှမ်းတစ်ရပ်အနေဖြင့် နားဆင်ရန် နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူရန် ဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် MOGE ကို အလုံးစုံ ထိန်းချုပ်လိုက်ပြီးကတည်းက စစ်တပ်က ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ဝင်ငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၅) ဘီလီယံကို သိမ်းဆည်းခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ ငွေကြေးများ ကို စစ်တပ်က ဆက်လက် ရရှိနေခြင်းသည် ရက်စက်ယုတ်မာမှုများကို ဆက်လုပ်နိုင်စေပြီး ၊ စစ်အာသိမ်းမှု အဆုံးမသတ်စေချင်စိတ်ကိုလည်း ဖြစ်စေသည်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှု စကတည်းက MOGE ကို ပိတ်ဆို့အရေးယူရန်အတွက် မြန်မာပြည်သူများက တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်း၊ စစ်အုပ်စု၏ ငွေကြေး ရရှိနေသည့် လမ်းကြောင်းကို ဖြတ်တောက်ရန်အတွက် ရည်ရွယ်ကြောင်း သမ္မတ အမိန့်ကြေညာစာ -၄၀၁၄ စစ်ကောင်စီနှင့် စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများကို ပိတ်ဆို့ အရေးယူရေး ကြေညာ ချက်များ၊ ၂ဝ၂၂ ဇန်နဝါရီ ဘဏ္ဍာရေး ဌာန၏ စီးပွါးရေး အကြံပြုချက် နှင့် အခြား မူဝါဒများတွင် အမေရိကန်ပြည်ထောင်စုက ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်ကြောင်း MOGE ကို ပိတ်ဆို့ အရေးယူခြင်းသည် အမေရိကန် မူဝါဒနှင့် လျော်ညီကြောင်း ထောက်ပြထားသည်။

အမေရိကန်ပြည်ထောင်စုသည် လည်းကောင်း၊ ASEAN အစိုးရများသည်လည်းကောင်း ၊ ကုလသမဂ္ဂသည် လည်းကောင်း မြန်မာစစ်တပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်း မရှိကြောင်း၊ စစ်အုပ်စုက လိုလားသည့် နိုင်ငံတကာ အသိအမှတ်ပြုမှုကို ငြင်းဆန်ထားသည့်အတွက် လက်ရှိ သံတမန်နည်းအရ ကြိုးပမ်းမှုများကို ကျေနပ်ထောက်ခံသည်ဟု ပြည်သူများက ဆိုသည်။

သို့သော် အမေရိကန်ပြည်ထောင်စု အနေဖြင့် စီးပွားရေး ကဏ္ဍ ဆောင်ရွက်ချက်များကို သံတမန်ရေးအရ ကြိုးပမ်းမှုများနှင့် ပူးပေါင်းကာ စစ်အုပ်စုထံသို့ ဘဏ်ငွေများ စီးဆင်းနေခြင်း ရပ်တန့်အောင် အင်ပြည့် အားပြည့် ဆောင်ရွက်ပေးပါရန် တောင်းဆိုပြီး အာဏာသိမ်းထားသည့် ကာလတလျှောက်လုံး နိုင်ငံစုံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများသည် တရားဝင် မြန်မာအစိုးရ ပိုင်ဆိုင်သည့် ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ဝင်ငွေများကို စစ်အုပ်စု လက်ဝယ် ရောက်အောင် ကူညီနေကြသကဲ့သို့ MOGE မှတဆင့် ပေးချေခဲ့ကြကြောင်း ထောက်ပြထားသည်။

စစ်အုပ်စုသည် မြန်မာ၏ အသိအမှတ်ပြု အစိုးရ မဟုတ်သကဲ့သို့ အစိုးရ ဝင်ငွေများ သို့မဟုတ် ဘဏ်စာရင်းများကို ရယူပိုင်ခွင့် မရှိကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ အဆင်ပြေခြင်း တစ်ခုအတွက် စစ်အုပ်စုသို့ ငွေပေးဆောင် နေခြင်းမှာ မှန်ကန်သည့် လုပ်ရပ် မဟုတ်ကြောင်း ရှင်းလင်းပြောဆိုထားသည်။

အမေရိကန်ပြည်ထောင်စု၊ သမ္မတဘိုင်ဒင် အစိုးရ အနေဖြင့်

(၁) စစ်အုပ်စုထံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ငွေများ မရောက်ရှိသွားစေရေး ပိတ်ဆို့အရေးယူမှုကို အသုံးပြုရန်တရားဝင်၊ အသိအမှတ်ပြုခံရသည့် အစိုးရအတွက် ဝင်ငွေများကို သီးခြားသတ်မှတ်ထားသော ဘဏ်စာရင်းများတွင် ပြောင်းလဲ ထိန်းသိမ်းထားရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် ထိုင်းတောင်ကိုရီးယားရှိ မဟာမိတ်ဖက် များနှင့် ပူးပေါင်း ဆောင်ရွက်ရန်။

(၂) ၂၀၂၂ ဇန်နဝါရီလတွင် ဘဏ္ဍာရေးဌာနက ထုတ်ပြန်သော စီးပွါးရေးဆိုင်ရာ လမ်းညွှန်ချက်ပါ MOGE နှင့် သက်ဆိုင်သည့်အရာများ၊ စစ်အုပ်စုသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေများ လွှဲပေးနေသော ရေနံကုမ္ပဏီများ နှင့် ဘဏ်များကို ဆက်သွယ် ဆက်ဆံခြင်းကို ငွေကြေးခဝါချခြင်း အဖြစ် သတ်မှတ်ရန် ရှိသည်များကို အသက်ဝင်အောင် ဆောင်ရွက်ပြီး၊ လိုက်နာခြင်းမရှိသူတို့ကို နောက်ဆက်တွဲ သက်ရောက်မှုများ ရှိစေရန်။

(၃) ဆယ်စုနှစ်ပေါင်းများစွာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေများကို ခဝါချခဲ့ပြီး အစိုးရဘဏ်စာရင်းများလည်း စစ်အုပ်စု လက်အောက်သို့ ရောက်နေပြီဖြစ်သော မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) ကို စီးပွါးရေး ပိတ်ဆို့ပေးရန်။

ကမ္ဘာတဝှမ်းရှိ မြန်မာ့အသိုင်းအဝိုင်းနှင့် မြန်မာ ပြည်သူလူထုအားလုံး၏ သွေး စည်းညီညွတ်မှုနှင့်အတူ (၆၂၆) ဖွဲ့ သော မြန်မာ၊ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း ၊ သမဂ္ဂ အဖွဲ့အစည်းများနှင့် သပိတ် ကော်မတီများ၊ ပြည်သူများက တောင်းဆိုပါကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article