25 C
Yangon

ကရင်ပြည်နယ်တွင် စစ်တပ်လက်အောက်ခံ BGF က ကြာအင်းဆိပ်ကြီးနှင့်ဘားအံမှ ကျေးရွာသားများကို စစ်ကောင်စီအတွက် ပေါ်တာဆွဲ၊ ပေါ်တာဆွဲခံရသူများ ရိုက်နှက်ခံရပြီး အမျိုးသမီးတချို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

Must read

ရန်ကုန်၊ မေ ၇

ကရင်ပြည်နယ်တွင် စစ်တပ်လက်အောက်ခံ BGF က ကြာအင်းဆိပ်ကြီးနှင့်ဘားအံမှ ကျေးရွာသားနှင့်ရွာသူများကို စစ်ကောင်စီအတွက် အဓမ္မလုပ်အားပေးခိုင်းစေရန် ပေါ်တာဆွဲလျက်ရှိပြီး ပေါ်တာဆွဲခံရသူ ပြည်သူများရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုများ၊ အမျိုးသမီးတချို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများ၊ ငွေကျပ် သိန်းဆယ်ချီတောင်း၍ ပေါ်တာဆွဲခံရသူများကို ပြန်လည် ရွေးယူခိုင်းမှုများဖြစ်ပွားလျက်ရှိကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကရင်ပြည်နယ် ဘားအံ့မြို့နယ် မိဇိုင်းအုပ်စု ပေပင်ဆိပ်ကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့မှ ဗိုလ်တင်ဝင်းအဖွဲ့က မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရွာသားများကို အကြမ်းဖက်စစ်ကောင်စီစခန်းသို့ ရိက္ခာပို့ရန် ပေါ်တာဆွဲ လိုက်လံ ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံ ရွာသားများကို ပြန်ခေါ်လိုပါက ကျပ်သိန်း ၆၀ တောင်းနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“ ရွာတစ်ရွာကိုလည်း သိန်း ၁၂၀ တောင်းတယ်။ ရွာသားတွေ တိမ်းရှောင်နေရတယ်။ တစ်ဖက်ကမ်းကို ကူးပြေးတာပါ။ လှိုင်းဘွဲ့အပိုင် ကော့လုံကျွန်းကို ကူးပြေးတာပါ။ ဗိုလ်တင်ဝင်းက ခေါ်သွားတဲ့ ရွာသားတွေ ပြန်ခေါ်ရင် သိန်း ခြောက်ဆယ်လို့ ပြောပါတယ်။ သိန်း ၂၀ လောက်နဲ့ အလုပ်ဖြစ်သွားတာလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိတွင် BGF တပ်ဖွဲ့မှ ဗိုလ်တင်ဝင်းဆိုသူ အဖွဲ့က ပေါ်တာဆွဲဖမ်းဆီးခံရသူ ပေပင်ဆိပ်ရွာသားများ ကျန်နေသေးပြီး စာရင်း အတိအကျကို မသိရှိရသေးပေး။

ထို့ပြင်ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ ကျေးရွာများမှ ပြည်သူများကိုလည်း BGF က ပေါ်တာဆွဲပြီး စစ်ကောင်စီတပ်များအတွက် ရိက္ခာသယ်ခိုင်းခြင်း၊ ထမင်းချက်ခိုင်းခြင်းများ ရှိကြောင်း၊ ပေါ်တာဆွဲခံရသော အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်သားများက လိင်ပိုင်းဆိုင်ရာ စော်ကားမှုများပင်ရှိကြောင်း သိရှိရသည်။

“အမျိုးသမီးငယ်တချို့ကို စစ်သားတွေက လိင်ဆက်ဆံမလား။ ပိုက်ဆံပေးမယ်။ အဲလိုပြောတာမျိုးရှိတယ်။ နောက်ပြီး သူတို့ဟာကို ကိုင်ပေးမလား။ ကိုင်ပေးရင် ပိုက်ဆံပေးမယ်ပေါ့။ အဲဒါမျိုးတွေပြောတယ်။ အမျိုးသားတွေကတော့ အရိုက်ခံရတယ်။ ခေါင်းကွဲသူ ကွဲ။ ရင်ဘတ်တွေကို စစ်ဖိနပ်နဲ့ ဆောင့်ကန်ခံရတယ်။ သတ်ပစ်လိုက်မယ်။ သတ်ပစ်လိုက်လည်း ဘယ်သူမှ မသိဘူးဆိုပြီး ပြောတယ်။ ပေါ်တာဆွဲခံရသူတိုင်း ကြုံနေရတာ” ဟု ကရင်ပြည်နယ်မှ သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article