25 C
Yangon

မင်းအောင်လှိုင် အင်းလျားလမ်းနေအိမ် အစုရှယ်ယာများ NUG ရောင်းချမှု ၃ ရက်အတွင်း ဒေါ်လာ ၂ သန်းရရှိ

Must read

ရန်ကုန်၊ မေ ၈

အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင် ပိုင်ဆိုင်သည့် အင်း လျား လမ်း ခြံအမှတ် ၁၄၏ အစုရှယ်ယာများကို NUG က ရောင်းချလျက်ရှိရာ ၇၂ နာရီ အတွင်း ဒေါ်လာ ၂ သန်း ရရှိသွားပြီဖြစ်ကြောင်း NUG စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွန်းနိုင်က တရားဝင်သတင်းထုတ်ပြန်သည်။

” အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အိမ်နဲ့ခြံမြေ၂၀ ရာခိုင်နှုန်းကို ပြည်သူက ၃ ရက်အတွင်း ပြန်လည် သိမ်းပိုက်နိုင်လိုက်တာပါပဲ။ နာရီ၊ မိနစ်၊ စက္ကန့်နဲ့အမျှ ဝယ်လိုအားတွေ တရိပ်ရိပ်တက်နေတာမို့ မူလရည်မှန်းထားတဲ့ ဒေါ်လာ ၁၀ သန်းပြည့်ဖို့ ရက်သတ္တပတ်နဲ့ချီပြီး ကြာမယ့်ပုံ မရှိပါဘူး” ဟု ဦးတင်ထွန်းနိုင်က လူမှုကွန်ရက် စာမျက်နှာတွင် သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ အင်းလျားလမ်းရှိ မင်းအောင်လှိုင်က မတရားသိမ်းယူထားသော နိုင်ငံတော်ပိုင် နေအိမ်ကို NUGအမျိုးသားညီညွတ်ရေးအစိုးရ က အမေရိကန်ဒေါ်လာ ၁၀ သန်း စျေးနှုန်းသတ်မှတ်လိုက်ပြီး ဒေါ်လာ ၁၀ သန်းကို အစုရှယ် ယာ ၁ သိန်း ခွဲခြမ်း၍ ရောင်းချမည်ဖြစ်ကာ ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ပြည်သူများ ဝယ်ယူနိုင်ကြောင်း NUG က တရားဝင် ထုတ်ပြန်ကြေညာသည်။

အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်၏ ကနဦးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄)ရှိ မြေနှင့်အဆောက်အအုံအား ကြိုတင်ရောင်းချနိုင်ရေး အတွက် ပြည်သူ့ဆန္ဒကောက်ယူမှု စစ်တမ်း တစ်ခု ပြုလုပ်ခဲ့ကြောင်း၊ စစ်တမ်းကောက်ယူမှု (၆) ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင်ကျော်၏ ၉၇ ရာခိုင်နှုန်း ကျော်က ဝယ်ယူမည်ဟု ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူရန် အဆိုပြုပမာဏ စုစုပေါင်းမှာ ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော အဆိုပါနိုင်ငံတော်ပိုင်မြေမှာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိကြောင်း၊ NUG က မင်းအောင်လှိုင်အိမ်ကို ရောင်းချသည့်အခါ ကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်းသာ တန်ဖိုးဖြတ်၍ အစုရှယ်ယာ တစ်သိန်းတိတိ ရောင်း ချသွားမည်ဖြစ်ပြီး ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ် မှတ်ကြောင်း သိရှိရသည်။

ကမ္ဘာတလွှားရှိ ဆက်သွယ်ဝယ်ယူရရှိနိုင်မည့် ကိုယ်စားလှယ်အမည်စာရင်းနှင့် စတင်ရောင်းချမည့်အချိန်အား သီးခြားထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး မိမိတို့နှင့် အဆင်ပြေနီးစပ်သည့် နိုင်ငံတကာကိုယ်စားလှယ်များထံ ချိတ်ဆက်၍ ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ကြောင်း ၊ ဤရောင်းချမှုအား အမျိုး သားညီညွတ်ရေးအစိုးရ၏ ၂၄-၀၂-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နှင့် အပိုဒ် ၅ အရ စီမံဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အာဏာရှင်အဆုံးသတ်နိဂုံးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာပြတ်သားသောသန္နိဋ္ဌာန်ဖြင့် ပူးပေါင်း ပါဝင်ဝယ်ယူကြသူအားလုံးကို လေးစားဂုဏ်ပြု ဦးညွှတ်အပ်ကြောင်း NUG ၏ ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်သူ၏ မြေးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article