ရန်ကုန်၊ မေ ၁၃
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဆက်လက်ပူးပေါင်းနေမည်ဆိုပါက ရန်သူဟု သဘောထားကာ တိုက်ခိုက်သွားမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ (ဖယ်ခုံဇုံ) က ယနေ့ မေလ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။
KNDF တပ်ရင်း ၃ ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ‘စစ်ကောင်စီတပ်နှင့် ပူးပေါင်းစခန်းချနေသော PNO တပ်ဖွဲ့အချို့လည်း ကျဆုံးခဲ့ရပါသည်။ ပအိုဝ့်လူမျိုးသည် ကျွန်ပ်တို့ ကရင်နီဒေသရှိ တိုင်းရင်းသားများနှင့် ညီအစ်ကိုသဖွယ် နှစ်ပေါင်းများစွာ ယှဥ်တွဲနေထိုင်လာခဲ့ပါသည်။ သာရေးနာရေး ပွဲလမ်းကိစ္စများတွင်လည်း အချင်းချင်းကူညီရိုင်းပင်းမှုများ ယခုထက်ထိရှိနေဆဲပင်ဖြစ်သည်။
PNO အနေဖြင့် အခြားတိုင်းရင်းသားများအပေါ်တွင် ဖက်ဆစ်စစ်တပ်နှင့်ပူးပေါင်း၍ သစ္စာဖောက်ခြင်းသည် ပအိုဝ့်နှင့် ညီအစ်ကိုတိုင်းရင်းသားများအကြား သွေးကွဲမှုကို လှုံ့ဆော်နေပါသည်။ ပအိုဝ့်တိုင်းရင်းသားများနှင့် ထားရှိခဲ့သော ချစ်ကြည်ရင်းနှီးမှုကို ကျွန်ပ်တို့တန်ဖိုးထားပါသည်။ သို့သော် PNO အနေဖြင့် စစ်တပ်နှင့်လက်တွဲမဖြုတ်ဘဲ ကျွန်ပ်တို့ဒေသကို ထပ်မံကျူးကျော်လာပါက ရန်သူကဲ့သို့ တိုက်ခိုက်သွားမည်ဖြစ်ပါသည်။ ယင်းသို့ပြုလုပ်ခြင်းမှာ ပအိုဝ့်လူမျိုးအပေါ် မုန်းတီးခြင်းစိတ် အလျင်းမရှိဘဲ မိမိတို့ကရင်နီကိုကာကွယ်ခြင်းသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။” ဟု ရေးသားထားသည်။
“PNO ဟာ ဒီးမော့ဆိုကို စကစ စစ်ကြောင်းထိုးရင်လည်း လိုက်ပါသလို မိုးဗြဲ၊ ဝှာရီဆူးပလိုင်တိုက်ပွဲတွေမှာလည်း စကစဘက်က ဝင်တိုက်ကူပါတယ်” ဟု ဖယ်ခုံဒေသအခြေစိုက် KNDF တပ်ရင်း ၃ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၁၂ ရက် နံနက်တွင် KNDF တပ်ရင်း ၃ နှင့် ဖယ်ခုံ PDF တပ်ရင်း ၂ တို့ ပူးပေါင်းကာ PNO နှင့် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ညောင်ရွှေမြို့နယ် ထီရိကျေးရွာရှိ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး PNO တပ်သား ၃ ဦးနှင့် စစ်သား ၂ ဦးကို အရှင်ဖမ်းမိကာ ၁၅ ဦး သေဆုံးကြောင်း သိရှိရသည်။
ဓါတ်ပုံ – KNDF တပ်ရင်း ၃ က ထုတ်ပြန်သော ထီရိစခန်းသိမ်းတိုက်ပွဲပြီးနောက် သိမ်းဆည်းရမိသော လက်နက်များနှင့် အရှင်ဖမ်းမိသော PNO တပ်သား ၃ ဦးနှင့် စစ်ကောင်စီ စစ်သား ၂ ဦး


