ရန်ကုန်၊ မေ ၁၄
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ၊ ကမ္ဘာ့အမွေအနှစ် ဟန်လင်းပျူမြို့ဟောင်းကျေးရွာကို မေလ ၁၃ ရက်နေ့ စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး နေအိမ်များကိုဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။”ရွာထဲကို မနက် ၈ နာရီလောက်က ၀င်လာတယ်။ ပြီးတော့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေပဲချန်ပြီး လူငယ်လူလတ် တွေ့သမျှ အကုန်ဖမ်းသွားတယ်”ဟု ဟန်းလင်းကျေးရွာသားတစ်ဦးက ပြောသည်။စစ်တပ်က PDF အယောင်ဆောင်ကာ ရွာတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး လူငယ် ၁၀၀ ခန့်ကိုဖမ်းဆီးကာ ကျေးရွာရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် ဖမ်းဆီးထားကြောင်း၊ ရဟန်းသံဃာများကိုလည်း ကျောင်းထဲတွင် အကျယ်ချုပ်သဘောမျိုး ချုပ်နှောင်ခဲ့ကြောင်း သိရှိရသည်။ “သူတို့ထဲက လူငယ်နှစ်ယောက်သုံးယောက်လောက်က PDF အယောင်ဆောင်ပြီး ပုန်းနေတဲ့လူငယ်တွေကို လိုက်ခေါ်တယ်။ ထွက်လာတာနဲ့ ဖမ်းတော့တာပဲ”ဟု ဒေသခံတစ်ဦးက ဆိုသည်။မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်အချိန် ကျေးရွာအတွင်းရှိ နေအိမ်များကို ၀င်ရောက်ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း၊ ညနေ ၅ နာရီခန့် ဓားစာခံအဖြစ်ဖမ်းဆီးထားသည့်အမျိုးသမီးများကို ပြန်လွှတ်ပေးသော်လည်း အမျိုးသားများကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ထိုစစ်ကြောင်းသည် ရှေးဟောင်းယဥ်ကျေးမှုဇုန်အနီးရှိ ငပိအိုးကျေးရွာကိုလည်း ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လမ်းကြောင်းတစ်လျှောက်ရှိ ဟင်းသာကြီး၊ ကုလားမ၊ မကျီးသုံးပင်၊ ကျောင်းကုန်း၊ ပုလဲသွယ်၊ ထနောင်းကိုင်း၊ ဂွေးကုန်း၊ ရွာသစ်ကုန်းကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။