27 C
Yangon

ရေဦးမြို့နယ်၊ မုံတိုင်ပင်ကျေးရွာတွင် ပြည်သူ ၂၂ ဦးထက်မနည်းကို အစုလိုက် အပြုံလိုက် စစ်တပ်က သတ်ဖြတ်၊ မီးရှို့ထားသော အလောင်းများစွာ ပြန့်ကျဲ ကျန်ရစ်

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုံတိုင်ပင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က မေ လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၂၂ ဦး ထက်မနည်းကို ပစ်သတ်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ စစ်တပ်က ၎င်းတို့ သတ်ဖြတ်ထားသော ရုပ်အလောင်းများကို မီးရှို့ အလောင်းဖျောက်ဖျက်ခြင်း၊ ရေတွင်းများထဲသို့ ပစ်ချခဲ့ခြင်းနှင့် အိမ်အောက်ခြေများထဲသို့ ရုပ်အလောင်းများကို ထိုးထည့်ခဲ့ကြောင်း သိရသည်။ မုံတိုင်ပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ သံဃာ ၃ ပါးကိုလည်း စစ်တပ်က လူဝတ်လဲကာ ဖမ်းဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူ ၃၁ ဦးကိုလည်း ဖမ်းဆီးခဲ့ကာ စစ်တပ်က လူသား ဒိုင်းပြုလုပ်ရန် ပြည်သူ ၂၈ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့နောက် သံဃာတော် ၃ပါးနှင့် ကျန်သူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ စစ်တပ်က မုံတိုင်ပင် ကျေးရွာ အနီးရှိ နှောကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံး၊ အင်ပင်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၁၂ လုံး၊ ချမ်းသာရွာမှ ပြည်သူ ပိုင်နေအိမ် ၂၁ လုံး၊ ဆီဆုံရွာမှ ပြည်သူပိုင် နေအိမ် ၇ လုံး၊ သံသည်ရွာမှ ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် မုံတိုင်ပင်ရွာမှ ပြည်သူပိုင် နေအိမ် ၂၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ “အလောင်းတွေဟာ ရွာထဲမှာ ပြန့်ကျဲနေသလို ဘယ်သူမှလည်း မကောက်ရဲကြသေးဘူး။ PDF တပ်သားတွေက မီးရှို့ခံထားရတဲ့ အိမ်တွေကို အတတ်နိုင်ဆုံးမီးငြှိမ်းသတ်ပေးပြီး လုပ်နိုင်သမျှလုပ်ပေးနေပါတယ်။ မီးထဲပါသွားတာ လက်ရှိ သိရသလောက် ၂၉ အိမ်လောက်ရှိပါတယ်။ ပစ်သတ်ခံရသူတွေက ဘယ်သူ ဘယ်ဝါ မှန်းကို မသိသေးတာဗျ။ သွေးကွက်တွေလည်း တွေ့တယ်။ မီးမရှို့ခံရခင် ပစ်သတ်ခံရတယ်လို့ ယူဆလို့ ရပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ မုံတင်ပင်ရွာသည် အိမ်ခြေ ၄၈၀ ခန့်ရှိပြီး လူဦးရေ ၁၉၀၀ ကျော်နေထိုင်သည့် ကျေးရွာကြီး တစ်ရွာဖြစ်ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများနှင့် ငွေကြေးများကိုလည်း အကြမ်းဖက် စစ်တပ်က ခိုးယူသွားပြီး မုံတိုင်ပင်ရွာ အရှေ့ဘက်ရှိ အောင်သာယာရွာ ပျူစောထီးများကလည်း ဆီ ၂၂ ပုံး၊ စပါး တင်း ၁၅၀ ၊ ပဲထောပတ် ၁၀ တင်းကို ခိုးယူသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article