29.4 C
Yangon

အကြမ်းဖက်စစ်ကောင်စီက ကလေး PDF တပ်ရင်း ၄ စခန်းကို ဝေဟင်ရော မြေပြင်မှ ထိုးစစ်ဆင်၊ လက်နက်အင်အားကွာဟသဖြင့် PDF များ စခန်းကို စွန့်ခွာခဲ့ရ

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ကျေးရွာအနီးရှိ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄ ၏ စခန်းကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ မေလ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်များ၊ Mi35 ရဟတ်ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်မှ အင်အား ၂၀၀ ခန့်ဖြင့်လည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လက်နက်အင်အား မမျှသဖြင့် PDF များ ဆုတ်ခွာခဲ့ရကြောင်း PDF-Kalay တပ်ရင်း ၄ ထံမှ သိရှိရသည်။

“စစ်ကောင်စီက ပထမဆုံး ဂျက်လေယာဉ်နဲ့ ဗုံး ချတယ်၊ ဒရုန်းအကြီးတွေနဲ့လည်း အီနာဂါဗုံးတွေ ကျဲချတယ်။ ပြီးတော့ Mi35 ၂ စီးရယ် နောက် ရဟတ်ယာဉ် ၁ စီးရယ်က ဒုံးကျည်နဲ့ပစ်တယ်၊ စက်သေနတ်နဲ့ ပစ်တယ်။ ပြီးမှ မြေပြင်ကနေ စစ်ကြောင်းက ထိုးစစ်ဆင်တာ။ ကျနော်တို့က ပြင်ဆင်ထားခဲ့တယ်၊ စစ်ကြောင်းထိုးလာတာနဲ့ ကတုတ်တွေထဲ ခုန်ချပြီး ကျနော်တို့ ၁၅ မိနစ်လောက် ခံပစ်နိုင်သေးတယ်၊ လက်နက်ကမမျှတော့ ဆုတ်ပေးလိုက်ရတယ်” ဟု PDF-Kalay တပ်ရင်း ၄ မှ ပြောခွင့်ရ ရဲဘော်မုန်ပီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စခန်းအား ဆုတ်ခွာပေးခဲ့ရာတွင် PDF များ အကျအဆုံးမရှိဘဲ ဒဏ်ရာရသူအချို့သာ ရှိကြောင်း စစ်ကောင်စီ မြေပြင်စစ်ကြောင်းမှ စစ်သားများ သေဆုံးထိခိုက်မှု ရှိကြောင်း သိရှိရသည်။

PDF-Kalay တပ်ရင်း ၄ စခန်းကို မြေပြင်မှ ခလရ (၈၉) မှ ဗိုလ်ကြီးရာဇာမျိုး၊ အခပ ဗိုလ်မှူးသန်းနိူင်၊ ခလရ (၂၆၈) မှ ဗိုလ်ကြီးဇွဲသူထွန်းတို့ ဦးဆောင်သော အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်သည်ဟု PDF-Kalay တပ်ရင်း ၄ က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးလာပြီး ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီးနောက် ရေရှင်ရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ မေလ ၁၀ ရက်နေ့တွင် အကြမ်းဖက်စစ်သားများက ရေရှင်ရွာကို မီးတင်ရှို့ခဲ့ကာ ယနေ့တွင် ရေရှင်ရွာအနီးရှိ PDF-Kalay တပ်ရင်း ၄ စခန်းကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရေရှင်ရွာကို ၁၀ ရက်နေ့က စတင်မီးရှို့တယ်။ ပြီးတော့ စစ်ကောင်စီက ကျနော်တို့ စခန်းကို စစ်ကြောင်းထိုးဖို့ပြင်တယ်၊ အနီးဝန်းကျင်မှာလည်း ကင်းပုန်းတွေ ဝပ်ထားတယ်။ စခန်းပေါ်မှာ ကင်းထောက်လေယာဉ်တွေလည်း ဝဲတယ်။ ကျနော်တို့က ထိုးလာမယ်ဆိုတာ သိလို့ ကတုတ်တွေလည်း တူးထားပြီးသား အခုက လက်နက်တွေ ပစ်အားတွေ မနိုင်လို့ ဆုတ်ပေးလိုက်ရတာ။ စခန်းမှာ မိုးတွင်းအတွက် စုထားတဲ့ ရိက္ခာတွေ အားလုံး ပါသွားတာပေါ့၊ သေနတ်တွေကတော့ ကျနော်တို့ ကိုယ်နဲ့ မကွာရှိတာဆိုတော့ ကျည်ဆံတွေနဲ့ တချို့ မရွှေ့နိုင်တဲ့ဟာတွေ Equipment တွေတော့ ပါသွားတာပေါ့” ဟု ရဲဘော်မုန်ပီး က ရန်ကုန်ခေတ်သစ်သို့ ဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ပစ်ခတ်မှုများကြောင့် စစ်ရှောင်များ ရှိရာနေရာများအနီးတွင် ပေါက်ကွဲမှုများရှိကြောင်း လူထိခိုက်မှု ရှိ၊ မရှိကို မသိရသေးကြောင်း ရဲဘော်မုန်ပီးက ဆိုသည်။

PDF-Kalay တပ်ရင်း ၄ စခန်းကို ဆုတ်ခွာပေးခဲ့ရပြီးနောက် စခန်းရှိ မိုးတွင်းအတွက် စုဆောင်းထားသော ရိက္ခာများ၊ စစ်ရှောင်ကလေးငယ်များအတွက် ယာယီပြုလုပ်ထားသော စာသင်ကျောင်းဆောင်များ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း PDF-Kalay တပ်ရင်း ၄ ထံမှ သိရှိရသည်။

ဓါတ်ပုံ – ဆုတ်ခွာပေးလိုက်ရသော PDF-Kalay တပ်ရင်း ၄ စခန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article