ရန်ကုန်၊ မေ ၁၄
ချင်းပြည်နယ် ဖလမ်းမြို့မှ စစ်ကိုင်းတိုင်း ကလေးမြို့သို့ ဆင်းလာသည့် သံချပ်ကာကား ၂ စီး အပါအဝင် စစ်ကား ၂၆ စီးပါ စစ်တပ်ယာဉ်တန်းကို မိုင်တိုင် ၆၃၊ ၅၅၊ ၄၅တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၅ ဦးရှိကြောင်း CNDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီယာဉ်တန်းသည် မေလ ၉ ရက်နေ့မှစတင်ကာ ချင်းပြည်နယ် ဖလမ်းမြို့မှ စစ်ကိုင်းတိုင်း ကလေးမြို့သို့ ဆင်းလာကြောင်း၊ မိုင်တိုင် ၆၃ အရောက်တွင် ခြေလျင်ဖြင့် တောလမ်း အတိုင်း ချီတက်လာစဉ် CNDF တပ်ဖွဲ့က တိုက်မိုင်း တွဲလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့အကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး သေဆုံးသွားသော စစ်သား ရုပ်အလောင်းများကို ပါရ်သဲကျေးရွာရှိ နေအိမ်များအတွင်း ထည့်သွင်းကာ မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။
စစ်တပ် စစ်ကြောင်းသည် ဆက်လက်ထွက်ခွာလာပြီး မိုင်တိုင် ၅၅ အရောက်တွင် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခံရသဖြင့် စစ်သားများ ထပ်မံ သေဆုံးခဲ့ကြောင်း၊ မိုင်တိုင် ၄၅ တွင်လည်း CNDF က ပဒေသာမိုင်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ တောလမ်း အတိုင်းစစ် တက်လာစဉ် တိုက်မိုင်းများဖြင့် ထပ်မံတိုက်ခိုက်ကြောင်း၊ စစ်သားများ ထပ်မံသေဆုံးခဲ့ပြီး ဇောင်လဲကျေးရွာရှိ လူနေအိမ်များအတွင်း အလောင်းများထည့်သွင်းကာ မီးရှို့ဖျက်စီးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် မိုင်တိုင် ၆၃နှင့် မိုင်တိုင် ၄၅ အကြားတွင် CNDFတပ်ဖွဲ့က နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်စဉ် MA ကျည် ၁၂၀၊ ၆၀ မမ ကျည် ၁ခု၊ ကျည်ဘောက် ၁ ခုအား သိမ်းဆည်းရမိခဲ့ပြီး အမျိူးသမီး အဝတ်စားများလည်းတွေ့ရှိရသည့် အတွက် ယာဉ်တန်းတွင် အမျိူးသမီး စစ်သည်ရဲမေများလည်းပါဝင်မည်ဖြစ် ကြောင်း ခန့်မှန်းရကြောင်း CNDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။



