ရန်ကုန်၊ မေ ၁၇
မကွေးတိုင်း မြိုင်မြို့နယ် ရွာရှည်ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် စီးနင်းခဲ့ပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူပိုင် နေအိမ် ၆၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၄ ရက်နေ့တွင် စစ်တပ်က ရွာရှည်ရွာကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ပြည်သူ ၃ ဦးထိမှန်သေဆုံးခဲ့ကြောင်း၊ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၄၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ မေလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရွာရှည်ရွာကို ဒုတိယ အကြိမ် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၂ဝ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
စစ်တပ်သတ်ဖြတ်ခဲ့သော ရွာရှည်ရွာသား ပြည်သူ ၃ ဦးသည် မည်သူမည်ဝါများ ဖြစ်သည်ကို အတည်မပြုနိုင်သေးဘဲ ကျေးရွာနေပြည်သူများ အားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။
အလားတူ မြိုင်မြို့နယ် တောင်ကိုင်းရွာကို စစ်တပ်က မေလ ၁၃ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် ပြည်သူပိုင် နေအိမ်များပေါ် ကျရောက်ခဲ့ကြောင်း ဒေသခံပြည်သူများ ကပြောဆိုသည်။
စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ခဲ့မှုကြောင့် တောင်ကိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းဆောင် အမိုးများနှင့် ပစ္စည်းအချို့ ပျက်စီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃ လုံး၏ အမိုးများ၊ မီးဖိုများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စစ်တပ်က ပြည်သူပိုင် နေအိမ်များရှ်ိ ပစ္စည်းများကို ဝင်ရောက် မွှေနှောက် ယူဆောင်သွားကာ ၎င်းတို့ မယူဆောင်နိုင်သော ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း၊ တောင်ကိုင်းရွာမှ ပြည်သူများလည်း လက်ရှိချိန်ထိ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရှိရသည်။