29.6 C
Yangon

မင်းဘူးမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိန်သောင်း နေအိမ်တွင် ပစ် ခတ်ခံရပြီး သေဆုံး၊ အရာတော်နှင့် ကန့်ဘလူရှိ စစ်တပ်သတင်းပေးဟုစွပ်စွဲခံရသူ ၃ ဦး အသတ်ခံရ၊ ငသိုင်းချာင်း ပျူစောထီးခေါင်းဆောင် ကြံ့ဖွတ်ပါတီမှ သန့်ဇင်ဦး အိမ်သာတက်နေစဉ် သေနတ်ဖြင့် ၈ ချက် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၃

မကွေးတိုင်း၊ မင်းဘူးမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းကို ယမန်နေ့ မေလ ၂၂ ရက် ညနေ့ ၆ နာရီဝန်းကျင်တွင် မင်းဘူး၊ စကုပြည်သူ့ကာကွယ်ရေးတပ်မတော် (M.S-PDF)က နေအိမ်၌ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

“သူက မင်းဘူးနယ်မှာ စစ်ကောင်စီ အားကိုးရဆုံး အုပ်ကြီးတယောက်ဖြစ်တယ်၊ ထောက်ခံစာလုပ်မယ်ဆိုပြီး သူ့အိမ်မှာ သွားရှင်းတာပါ၊ လေးချက် ပစ်ခတ် ရှင်းလင်းခဲ့တယ်။ သူ့မိန်းမက ခုံနဲ့ လာရိုက်လို့ တချက်ပစ်လိုက်တယ်၊ လက်ကိုထိတယ်၊ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး ” ဟု M.S-PDF တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဦးစိန်သောင်းသည် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတားဖြစ်ပြီး စစ်ကောင်စီက ပြုလုပ်သည့် ပွဲလမ်းသဘင်များအား ဦးစီးဦးဆောင်ပြုကာ ကျင်းပခြင်း၊ ပျူစောထီးများ ဒလန်များအားမွေးထုတ်ခြင်း အားပေးအားမြှောက်ပြုခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်းနှင့် မင်းဘူး၊ စကုမြို့နယ်တွင်နာမည်ဆိုးဖြင့်အကျော်ကြားဆုံးအုပ်ကြီးတစ်ယောက်ဖြစ်ကြောင်း M.S-PDF ကဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီခန့် ဝက်ပြစ်ရွာအုပ်ချုပ်ရေးမှူး မျိုးလင်းနှင့် ဒလန် ရွှေမောင်းကို အမည်မသိအဖွဲ့က ပစ်ခတ်ရှင်းလင်းသွားကြောင်း သတင်းရရှိသည်။

ဒေသတော်လှန်ရေးအဖွဲ့များ၏ သတင်းများကို စစ်ကောင်စီထံ ပေးပို့နေပြီး ရွာသို့ အကြမ်းဖက်စစ်တပ် လာရောက်လျှင် တွေ့ဆုံနေသူ အုပ်ကြီး မျိုးလင်းကို မေလ ၂၀ ရက်နေ့ ညနေပိုင်းတွင်လည်းကောင်း အကြမ်းဖက်စစ်ကောင်စီ ထောက်ခံအားပေးသူ ရွှေမောင်းကို မေလ ၂၁ ရက် နံနက်တွင်လည်းကောင်း အမည်မသိအဖွဲ့က ရှင်းလင်းသွားခဲ့ခြင်းဖြစ်သည်။

အလားတူ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ရှိ ကြံ့ဖွတ်ပါတီ အလုပ် အမှု ဆောင် ဦးသန့်ဇင်ဦးကို မေလ ၂၁ ရက်နေ့တွင် အမည်မသိအဖွဲ့က ပစ်ခတ်ရှင်းလင်းသွားကြောင်း သတင်းရရှိသည်။

ကြံ့ဖွတ်ပါတီမှ ဦးသန့်ဇင်ဦးသည် မြို့နယ်အတွင်း ပျူစောထီးခေါင်းဆောင်တဦးဖြစ်ကြောင်း သိရှိရပြီး ၎င်း အိမ်သာတက်နေစဉ် သေနတ်ဖြင့် ၈ ချက် ပစ်ခတ်ရှင်းလင်းခံခဲ့ရပြီး သေဆုံးသွားခြင်းဖြစ်သည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးပင်သာကျေးရွာရှိ စစ်ကောင်စီသတင်းပေးဒလန် ထွန်းလှိုင်ကို Kanbalu Underground Warriors အဖွဲ့က မေလ ၂၁ ရက် ညနေ ၅ နာရီ ၂၅ မိနစ်တွင် ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

ဒလန်ထွန်းလှိုင်သည် ဒေသတွင်းရှိ လူငယ်များကို ပျူစောထီးသင်တန်းတက်ရန် လိုက်လံစည်းရုံးနေခြင်း၊ တော်လှန်ရေးအင်အားစုများ၏ တည်နေရာများကို အကြမ်းဖက်စစ်တပ်ထံ သတင်းပေးခြင်းများ ပြုလုပ်နေခြင်းကြောင့် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း Kanbalu Underground Warriors အဖွဲ့က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – ကန့်ဘလူမြို့နယ် ဇီးပင်သာကျေးရွာရှိ စစ်ကောင်စီသတင်းပေးဒလန် ထွန်းလှိုင်ကို Kanbalu Underground Warriors အဖွဲ့က ပစ်ခတ်ရှင်းလင်းစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article