31 C
Yangon

ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်၊ စစ်သား အနည်းဆုံး ၁ ဦး သေဆုံး၊ တန့်ဆည်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၁၃ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ အများပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ မေလ ၂၃ ရက်တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်သား အနည်းဆုံး ၁ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

သစ်ဆိမ့်ရွာ၊ ကူကြီးရွာ၊ ငါးပါတ်ချောင်းရွာနှင့် ရေလမော်ကျေးရွာများရှိ ပြည်သူပိုင်ပစ္စည်းများ ခိုးယူလုယက်ကာ နေအိမ်များကို မီးရှို့နေသော အကြမ်းဖက် စစ်ကြောင်းကို ကမ်းဖြူရွာနှင့် ရွာသာကြားတွင် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ Black Wolf – PDF တပ်ဖွဲ့က ပစ်ခတ်သော စနိုက်ပါ ထိမှန်ပြီး စစ်သား ၁ ဦးသေဆုံးကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှုများ ရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း Black Wolf – PDF က ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို Black Wolf – PDF၊ ရွှေဘိုခရိုင် တပ်ရင်း (၂)၊ တပ်ရင်း (၅)၊ တပ်ခွဲ ၁ တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း Black Wolf – PDF အဖွဲ့ထံမှ သိရှိရသည်။

အလားတူ တန့်ဆည်မြို့တောင်ပိုင်း ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မေလ ၂၂ ရက်တွင် ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁၃ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မဟာ (တန့်ဆည်) က သတင်းထုတ်ပြန်သည်။

မေလ ၂၂ ရက် နံနက်တွင် ခပေါင်းကြိုင်ရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ကို စိမ်းစားကျေးရွာအနီးတွင် ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ ညနေတွင် တန့်ဆည်မြို့နယ် ချောင်းရိုးကျေးရွာနှင့် ရေဦးမြို့နယ် လှည်းသွင်းကျေးရွာအကြားတွင် ထပ်မံ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးဝန်းကျင်သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သိရှိရသည်။

တန့်ဆည် PDF၊ ရွှေဘိုခရိုင်တပ်ရင်း ၆၊ ၇၊ ဖီးနစ်တန့်ဆည်၊ Dragon Warrior၊ TY Local အဖွဲ့များအပြင် နီးစပ်ရာကျေးရွာမြေပြင်အဖွဲ့များ ပူးပေါင်းကာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့များ အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – Black Wolf – PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article