23 C
Yangon

တစ်နှစ်တာအတွင်း စစ်သား တစ်ထောင်နီးပါးကို ရှင်းလင်းနိုင်ခဲ့၊ ကရင်နီတပ်ဖွဲ့များအတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေပြီး ‘နိုင်ကိုနိုင်ရမည်’ ဟု KNDF အတွင်းရေးမှူး ၂ မာဝီ ပြော

Must read

ရန်ကုန်၊ မေ ၂၇

ကရင်နီပြည်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ မေလ ၂၁ ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီး တနှစ်တာ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၁,၀၀၀ နီးပါး ကို ရှင်းလင်းနိုင်ခဲ့သည်ဟု ကရင်နီအမျိုုးသားများကာကွယ်ရေးတပ် KNDF ထံမှ သိရှိရသည်။

တော်လှန်ရေးအစပိုင်းတွင် ခုခံစစ်အနေအထား သွားခဲ့ပေမယ့် နှစ်တစ်ဝက်ကျော်လာပြီးနောက် တန်ပြန်တိုက်စစ်များ ဆင်နွှဲခဲ့ကြောင်း မာဝီ ကပြောသည်။

“တစ်နှစ်တာကာလ အစပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ခုခံစစ်အနေအထားနဲ့ သွားပေမယ့် နှစ်တစ်ဝက်ကျော်လာတဲ့အခါမှာ တစ်နှစ်ပြည့်လုဆဲဆဲဖြစ်လာတဲ့အခါမှာ ကျနော်တို့ဘက်က တိုက်စစ်တွေ တန်ပြန်စစ်တွေ ဆင်နွှဲတာတွေရှိတယ်။

တစ်နှစ်တာကာလအတွင်းမှာ ဖြတ်သန်းရတဲ့ အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီးတော့ ခုခံစစ်လုပ်ရမယ့်နေရာမှာ ခုခံစစ်လုပ်မယ်၊ တိုက်စစ် ထိုးစစ် လုပ်ရမယ့်နေရာမှာ တိုက်စစ် ထိုးစစ်လုပ်မယ်၊ ပြောက်ကျားလုပ်ရမယ့် ကိစ္စမျိုးမှာ ကျနော်တို့ ပြောက်ကျားလုပ်မယ်။ ဒါကတော့ နည်းဗျူဟာနဲ့ ဗျူဟာတွေအပေါ်မှာ ထည့်သွင်းစဉ်းစားပြီးတော့မှ တိတိကျကျနဲ့ သေသေချာချာ လုပ်ကိုင်ဆောင်ရွက်သွားရမယ့် ကိစ္စဖြစ်ပါတယ်” ဟု KNDF အတွင်းရေးမှူး ၂ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆိုသည်။

ပြည်သူလူထုများ၏ ပူးပေါင်းပါဝင်ထောက်ပံ့မှုများဖြင့် KNDF ရဲဘော်များကို ထိုက်သင့်သလောက် လက်နက်တပ်ဆင်ထားနိုင်ခဲ့ပေမယ့် တပ်ဖွဲ့ဝင် တစ်ဦးချင်းစီတိုင်းကို လက်နက်အပြည့်အစုံတပ်ဆင်နိုင်ရန်၊ တိုက်ပွဲများတွင် လက်နက်ကြီး၊ လက်နက်ငယ် အပြည့်အစုံပါဝင်နိုင်ရန် အခက်အခဲရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ရှေ့ဆက်ပြီး တိုက်ပွဲတွေ ဖော်ဆောင်တဲ့နေရာမှာ လက်နက်အနေနဲ့က ကြီး၊ ငယ်၊ လတ် အစုံပါမှသာလျှင် ကောင်းမွန်တဲ့ ရလဒ်တွေ ရမှာဖြစ်ပါတယ်။ ဒီလို ကြီးမားတဲ့ အောင်မြင်မှုရဖို့အတွက် ကြိုးစားနေတာတွေရှိပါတယ်၊ ဒီအချိန်မှာ ကျနော်တို့ လက်တွဲလုပ်ဆောင်နေတာက အနယ်နယ်အရပ်ရပ်မှာ နိုင်ငံအသီးသီးမှာ တော်လှန်ရေးအတွက် ကူညီအားဖြည့်နေတဲ့ ရံပုံငွေ ရှာဖွေရေးအဖွဲ့တွေနဲ့ အတူတကွ လက်တွဲလုပ်ဆောင်နေတဲ့ အခြေအနေတွေလည်း ရှိပါတယ်။

အခု ‘မမ များနဲ့ ပွဲကမယ်’ ဆိုတဲ့ ပရောဂျက်နဲ့ လုပ်နေတာရှိပါတယ်၊ ဒီ အစီအစဉ်မှာ ပြည်သူလူထုအနေနဲ့ ပါဝင်ပေးပါ၊ ထည့်ဝင်ပေးပါ၊ ဒါဆိုလို့ရှိရင်တော့ ကြီးမားကောင်းမွန်တဲ့ ရလဒ်ကြီးတွေကို ကျနော်တို့ ရမှာ ဖြစ်ပါတယ်” ဟု မာဝီ က ပြည်သူများ ပါဝင်ကူညီပေးကြရန် တောင်းဆိုသည်။

နွေဦးတော်လှန်ရေးအတွက် နိုင်ငံအသီးသီးရှိ ရံပုံငွေရှာဖွေပေးနေသူများက မေလ ၂၆ ရက်မှ ဇွန်လ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၂၁ ရက်အတွင်း ‘မမ များနဲ့ ပွဲကမယ်’ ကမ်ပိန်းအတွက် သိန်း ၅,၀၀၀ ကျပ်ကို ရရှိရန် ရည်ရွယ်ထားကြောင်း အဆိုပါ ရံပုံငွေရှာဖွေပေးနေသည့် အဖွဲ့များထံမှ သိရှိရသည်။

ယခု ကမ်ပိန်းမှ ရရှိလာသည့် အလှူငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် KNDF ထံ တရားဝင် ပေးပို့ ကူညီသွားမည်ဖြစ်သည်။

“ပြည်သူတွေအနေနဲ့ ဒီ ပရောဂျက်ကို ပါဝင်ပေးခြင်းအားဖြင့် ကရင်နီမှာရှိတဲ့ KNDF တပ်ဖွဲ့တွေအပြင် အခြားသော တပ်ဖွဲ့တွေအတွက်လည်း အကျိုးရှိစေမှာ ဖြစ်တယ်။ ဒီတော်လှန်ရေးကို အချိန်တိုအောင် မြန်မြန်လုပ်နိုင်တဲ့ ရလဒ်တွေ ရမယ်၊ မြေပြင်မှာ စစ်ကောင်စီကို တိုက်နေတဲ့ တပ်ဖွဲ့တွေက အာမခံပါတယ်။

ဒါကြောင့်မို့လို့ ဒီ ‘မမ များနဲ့ ပွဲကမယ်’ အစီအစဉ်မှာ ပြည်သူတွေ ပါဝင်အားဖြည့်ပေးဖို့ အလေးအနက် တောင်းဆိုပါတယ်၊ အလေးအနက် မေတ္တာရပ်ခံ ပါတယ်။ ကျနော်တို့နဲ့အတူ ပြည်သူလူထုတရပ်လုံးက အတူရှိနေတယ်ဆိုတဲ့ စိတ်နဲ့ မြေပြင်မှာ တိုက်ပွဲဝင်နေပါတယ်။ ကျနော်တို့ဟာ ပြည်သူလူထုကို စိတ်မပျက်စေရပါဘူး၊ ပြည်သူလူထု မျှော်မှန်းတဲ့ ရချင်တဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေကို ရဖို့ နေ့စဉ်နဲ့အမျှ ကြိုးစားပြီး တိုက်ယူနေပါတယ်” ဟု KNDF အတွင်းရေးမှူး ၂ မာဝီက ရှင်းပြသည်။

‘မမ များနဲ့ ပွဲကမယ်’ ကမ်ပိန်းတွင် ပါဝင်အားဖြည့်ကူညီချင်သည့် ပြည်သူများအနေဖြင့် အောက်ပါလင့်ခ်မှတဆင့် ပါဝင်နိုင်ကြောင်း သိရှိရသည်။
https://www.facebook.com/GenZRevolution2021/photos/a.107418328050329/443347931124032

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article