ရန်ကုန်၊ မေ ၂၈
KNU နှင့် NLD တို့ မေလ ၂၇ ရက်နေ့တွင် တွေ့ဆုံကြပြီး ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးနှင့်စစ်အာဏာ ရှင် ဖြုတ်ချရေး အဓိက ဆွေးနွေးကြကြောင်း သိရှိရသည်။
စစ်အာဏာရှင် ဖြုတ်ချရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးများတွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ လက်တွဲဆောင်ရွက်မှုများ မြဲနိုင်သမျှ မြဲရန် အဓိကအရေးကြီးကြောင်း KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောတောနီးက ပြောဆိုသည်။
“အဓိကအချက်က ကျနော်တို့ ၂ ဖွဲ့က ရှေ့ဆက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ဒီထက်ပိုပြီးတော့ ရင်းရင်းနှီးနှီးလက်တွဲကြဖို့ဆိုတာ အဓိကအကြောင်းအချက်ပဲ ဖြစ်တယ်။ တစ်ဆက်တည်းမှာပဲ လက်ရှိ ကျနော်တို့ ရုန်းကန်လှုပ်ရှားနေတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ကျနော်တို့ လုပ်ဆောင်နေတဲ့အပိုင်းမှာ ပိုပြီးတော့ မြဲနိုင်သမျှ မြဲအောင် လက်တွဲကြဖို့ အဓိကအရေးကြီးတယ်” ဟု ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီဝင်များသည် ယမန်နေ့ မေလ ၂၇ ရက်တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေ အတွင်း ရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ အမြဲတမ်းဗဟိုကော်မတီဝင်ပဒိုစောတောနီး၊ ပဒိုစောတနာထူးစော၊ ပဒိုစောအယ်ကလူဆေးနှင့် NLD CWC မှ ဦးအောင်ကြည်ညွန့်၊ ဗဟိုအလုပ်ကော်မတီဝင်များဖြစ်သည့် ဒေါက်တာခင်ဆောင်၊ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံဆွေးနွေးမှုများကို လိုအပ်လျှင် လိုအပ်သလို အရေးပေါ်ပြုလုပ်နိုင်လျှင် နှစ်ဖက် ရင်းနှိးမှုများလာမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ဆိုသည်။
“ဒီလိုတွေ့ဆုံမှုဟာ ပိုပြီးတော့ များသထက်များအောင်၊ တွေ့ဆုံမှုက များလေကောင်းလေ ကျနော်တို့ အချင်းချင်းကြားမှာ ရင်းနှီးမှုများလာလေ နားလည်မှု ပိုရှိလာလေ ဆိုတဲ့ဟာတော့ ကျနော်တို့ ပိုပြီး အလေးထားရမယ်။ အနည်းဆုံး တွေ့ ဆုံမှုက ၂ လ၊ ၃ လ ထက် အနီးစပ်ဆုံး တစ်လ တစ်ခါဆို ပိုတောင်ကောင်းသေးတယ်၊ အဲဒါမျိုး ကျနော်တို့ ပြောကြတယ်။ တစ်လ တစ်ခါတောင် မဟုတ်ဘူး လိုရင်လိုသလို အရေးပေါ် တွေ့ရမယ်ဆိုတာ ပိုင်းခြားထားပါတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။
ယခုတွေ့ဆုံမှုသည် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း KNU နှင့် NLD ကြား တတိယအကြိမ် တွေ့ဆုံမှု ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- NLD ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်နှင့် KNU ဒုတိယဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း။
Photo Design – U Bo Bo Oo