ရန်ကုန်၊ မေ ၈
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် မင်းတပ်မြို့ အရှေ့ခြမ်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၄ မိနစ်ခန့်တွင်လည်း တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် မင်းတပ်မြို့ပေါ်ကို မီးလောင်ဗုံးများ၊ ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ထိခိုက်ပျက်စီးမှုများရှိသော်လည်း အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းမှာ စစ်ခွေးတွေက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတာပေါ့။ ထိခိုက်ပျက်စီးမှုကတော့ ရှိပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာစာသင်ကျောင်းကို စာသင်ကျောင်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၈ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် ရော့ကတောကျေးရွာအုပ်စု၊ လေးတောင်ချရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ဗုံး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်း အဆောက်အဦးများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ကျေးရွာ စာသင်ကျောင်းကို စစ်ခွေးတွေက ဗုံးကျဲ တိုက်ခိုက်သွားတာ ဗုံးကျဲ တိုက်ခိုက်ပြီးတာနဲ့ လေယာဉ်တွေက ဆက်တိုက်ပျံဝဲသွားတာ ပြည်သူ ၃ ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။ စာသင်ကျောင်းဆောင်လည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




