ရန်ကုန်၊ ဇွန် ၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော နေရာများကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ ဇွန်လ ၅ ရက် ညတွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်လေးအဆင့် ၂ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရကြောင်း ဆားလင်းကြီး PDF က သတင်းထုတ် ပြန်သည်။
ယမန်နေ့ ည ၁၀ နာရီ ၁၅ မိနစ်မှ စတင်ကာ လက်နက်ကြီးဖြင့် အကြိမ်ရေ ၁၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ကြံ့ခိုင်ရေးရုံး၊ ရဲစခန်းလိုင်းခန်း၊ ဘောလုံးကွင်းနှင့် စခန်းဘန်ကာများ၊ ကင်းပုန်းနေရာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုကို ဆားလင်းကြီး PDF၊ ချင်းတွင်း ဂဠုန်ရာဇာ၊ BED ငညို လက်နက်ကြီးအဖွဲ့၊ ဆားလင်းကြီး GZ၊ One Star Task Force၊ သမန်းကျားတပ်ဖွဲ့၊ Y.P.F၊ S.R.A၊ C.D.F၊ သေမင်းတမန်ပြောက်ကျားအဖွဲ့၊ စစ်သူကြီးအဖွဲ့၊ တောဘုရင်၊ Killers United၊ Federal Democratic Revolution Force၊ Brother Defence Force (B.D.F)၊ Fight For Freedom (F.F.F) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ – ဆားလင်းကြီးမြို့မရဲစခန်း (ပုံအဟောင်းဖြစ်ပါသည်)