ရန်ကုန်၊ ဇွန် ၁၀
အကြမ်းဖက် လူသတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့တွင် ရောက်ရှိနေချိန် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းတွင် ယနေ့ နံနက် ၉ နာရီအချိန် ဗုံးပေါက်ကွဲသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
” ဗုံးကွဲသံက အရမ်းကိုကျယ်တာ။ အိမ်တွေပါ တုန်သွားတယ်။ ထောက်ကြန့်ရဲစခန်းမှာ ကွဲတာ။ အထိအခိုက်တော့မသိသေးဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ညောင်နှစ်ပင် အမျိုးသားညီလာခံ ကျင်းပရာနေရာသို့ သွားရောက်ကြည့်ရှုခြင်း၊ မှော်ဘီအမျိုးသမီး ဗိုလ်လောင်း သင်တန်းသွားခြင်း၊ ယမန်နေ့က ရန်ကုန်-ဒလတံတား စီမံကိန်းသွားရောက် စစ်ဆေးခြင်းအပါအဝင် ရန်ကုန်တွင် ရောက်ရှိနေချိန် လုံခြုံရေးများ တင်းကျပ်စွာ ချထားခဲ့သည်။
ဇွန်လ ၉ ရက်နေ့ညပိုင်းကလည်း မင်းအောင်လှိုင် ရန်ကုန်တွင် ရောက်ရှိနေချိန် သာကေတ၊ မြောက်ဥက္ကလာ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာတို့တွင် ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်း လှိုင်သာယာအပါအဝင် ရန်ကုန်တစ်မြို့လုံးတွင် လုံခြုံရေးများ တင်းကျပ်ထားကြောင်း၊ အထူးသဖြင့် လှိုင်သာယာ လမ်းဆုံလမ်းခွနှင့်မီးပွိုင့်တိုင်းတွင် စစ်တပ်နှင့်ရဲများ ချထားသဖြင့် မင်းအောင်လှိုင် လှိုင်သာယာကို လာရောက်ခြင်း၊ သို့မဟုတ် ဖြတ်သန်းခြင်းရှိလိမ့်မည်ဟု ထင်မြင်ကြောင်း ရန်ကုန်မြို့ခံများက ဆိုကြသည်။
ဓာတ်ပုံ- ယနေ့ လှိုင်သာယာတွင် လုံခြုံရေးအထူးတင်းကျပ်ထားစဉ်။