35 C
Yangon

Total ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း၂၅၀ကို စစ်ကောင်စီထံ မပေးရေး ပြင်သစ်အစိုးရကို NUGက တွေ့ဆုံတိုက်တွန်းရန် အရေးပေါ်ကြေညာချက်ထုတ်ပြန်

Must read

ရန်ကုန်၊ ဇွန် ၁၁

Total စွမ်းအင်ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ သန်း၂၅၀ကို စစ်ကောင်စီထံ မပေးရေးအတွက် ပြင်သစ်အစိုးရကို NUGက တွေ့ဆုံဆွေးနွေးတိုက်တွန်းရန် သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ Blood Money Campaign က အရေးပေါ်ကြေညာချက်ထုတ်ပြန်တိုက်တွန်းသည်။

ဇူလိုင် ၂၀ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည့် ပြင်သစ်ရေနံကုမ္ပဏီ Total သည် စစ်ကောင်စီကို ပေးဆောင်ရန်ရှိနေသည့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅၀ နှင့် စီမံကိန်းပိတ်သိမ်းခများကို စစ်ကောင်စီကို မပေးရန် NUG က ပြင်သစ်အစိုးရကို တွေ့ဆုံစည်းရုံး ဖိအားပေးရန် သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့က အရေးပေါ်ထုတ်ပြန်ချက်ကို ဇွန်လ ၁၀ရက်နေ့တွင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၁ရက်နေ့တွင် ချမှတ်ခဲ့သော ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများတွင် ကင်းလွတ်ခွင့်တချို့ရှိနေပြီး ယင်းကင်းလွတ်ခွင့်အရ Total အနေဖြင့် ထိုပိုက်ဆံများကို ပြင်သစ်အစိုးရက ခွင့်ပြုမှသာ စစ်ကောင်စီထံ ပေးခွင့်ရှိမည်ဖြစ်ကြောင်း၊ လက်ရှိတွင်ပြည်သူလူထုကို ကိုယ်စားပြုသည့် NUG အစိုးရအနေဖြင့် ပြင်သစ်အစိုးရကို အစိုးရချင်း တွေ့ဆုံဆွေးနွေးခြင်း လုပ်ဆောင်ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု သွေးစွန်းငွေဖြတ်တောက်ရေး တာဝန်ရှိသူတစ်ဉီးကပြောသည်။

“ ဒီသန်း၂၅၀ မပေးရေးကို ရေကုန်ရေခန်း လုပ်ဆောင်နေခဲ့ပါတယ်။ ပြည်သူ လူထုကလည်း တာဝန်ကျေပါတယ်။ ပြည်သူပါဝင်ပူးပေါင်းရမယ့် နေရာတိုင်းမှာ ပါဝင်ခဲ့ပါတယ်။ ပြည်သူသိန်းချီအောင် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလက်ရှိထုတ်ပြန်ထားတာကတော့ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်အနေနဲ့ လုပ်ဆောင်ရမယ့်အစိတ်အပိုင်းပါ။ အစိုရချင်း တိုက်ရိုက်လုပ်ရမယ့် အပိုင်းဖြစ်သွားလို့ အခုလိုတိုက်တွန်း တောင်းဆိုတာပါ”ဟု သွေးစွန်းငွေဖြတ်တောက်ရေးတာဝန်ရှိသူက ပြောသည်။

ယခုတောင်းဆိုချက်သည် သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ အနေဖြင့် NUG အစိုးရအပေါ် ပထမဆုံး တောင်းဆိုတိုက်တွန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article