31.3 C
Yangon

PDF နှင့်အဖွဲ့များကို လက်နက်အပ်နှံ ဥပဒေဘောင်အတွင်း ဝင်ရန် စစ်တပ်က ကမ်းလှမ်း၊ PDF နှင့် တော်လှန်ရေး အင်အားစုများကို စစ်တပ်က မယှဉ်နိုင်သည့်အပြင် ရှုံးနိမ့်တော့မည်ဖြစ်၍ သွေးခွဲရန် ကြိုးပမ်းလာမှုဟု CDM ဗိုလ်ကြီးလင်းထက်အောင် ပြောဆို

Must read

ရန်ကုန်၊ ဇွန် ၁၁

အကြမ်းဖက်စစ်ကောင်စီက PDF နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် ကမ်းလှမ်းလိုက်ပြီး ယင်းသို့ ကမ်းလှမ်းမှုသည် PDF နှင့်တော်လှန်ရေးအင်အားစုများကို စစ်တပ်က မယှဉ်နိုင်သည့်အပြင် ရှုံးနိမ့်တော့မည်ဖြစ်၍ သွေးခွဲရန် ကြိုးပမ်းမှု အဖြစ် CDM ဗိုလ်ကြီးလင်းထက်အောင် သုံးသပ်ပြောဆိုလိုက်သည်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ယနေ့ညပိုင်းတွင် ကြေ ညာ ချက် ထုတ်ပြန်လာပြီး ယင်းကြေညာချက်တွင် လက်နက်ကိုင်ဆန့်ကျင် မည်ဆိုပါက တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးကို ထိခိုက် နှောင့်နှေးစေမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ် အကောင်အထည်ဖော်ရန် PDF များအနေဖြင့် လက်နက်အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက် ကမ်း လှမ်းသည်ဟု ကြေညာလာခြင်းဖြစ်သည်။

အဆိုပါကြေညာချက်သည် စစ်တပ်အနေဖြင့် အင်အားချိနဲ့နေပြီး တော်လှန်ရေးအင်အားစုများကို ရှုံးနိမ့်တော့မည်ဖြစ်၍ သွေးခွဲနေခြင်းဖြစ်သည်ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က သုံးသပ်ပြောဆိုသည်။

“စစ်တပ်ကတော့ PDF နဲ့ တော်လှန်ရေးအင်အားစုတွေကို လုံး၀ မယှဉ်နိုင်တဲ့ အခြေ အနေကိုတော့ လုံး၀ကို ရောက်သွားပြီ။ အခြေအနေက အဲဒီလိုကို ဖြစ်သွားပြီ။ သူတို့ဆီမှာ သာလွန်တဲ့ လက်နက်ကြီးတွေ တခြားဥစ္စာတွေ အဲဒါတွေကလည်း တိုးမပေါက်တော့ဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူကို သွေးခွဲမယ်။ သူတို့ အင်အားစုကို မလျော့နည်းအောင် တည်ဆောက်မယ်။ ဒီဘက်ကနေ တော် လှန်ရေး အင်အားစုကို သူတို့နဲ့ ပူးပေါင်းအောင်လုပ်မယ်ဆိုပြီးတော့ ဒါတွေက သူတို့ရဲ့ မဟာဗျူဟာတွေပေါ့ ။ ဒီလို မဟာဗျူဟာ တွေကြားမှာ အလင်းဝင် လက်နက်ချပါလို့ပြောတာက အရင်တော်လှန်ရေးတွေမှာလည်းဒီလိုပဲဖြစ်လာတာဆိုတော့ သူတို့မနိုင်တော့မှာသိလို့ ဒီဘက်အင်အားစုကို ဖြိုခွဲဖို့ ကြံလိုက် တဲ့အရာတစ်ခုလို့ ပြောရမယ်။ ဒီကြေညာချက်နဲ့ပတ်သက်ပြီးတော့ အလိမ် အညာတစ်ခုသာဖြစ်တယ်။ ပြန်ရောက်သူတွေကို ထောင်ထဲထည့်ပြီး စီးပွားရေး မိသားစုရေး လူမှုရေး လှုပ်လို့မရအောင်လုပ်မှာပဲ ” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

PDF များနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီ၏ အလိမ် အညာ ကြေညာချက်ကို ယုံကြည်စရာ မရှိသကဲ့သို့ စစ်တပ်ကို မြန်မာ့မြေပေါ်မှ မရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်ရမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျနော်တို့ PDF တွေအနေနဲ့ ဒီကြေညာချက်ကို လက်ခံမှာလည်းမဟုတ်ဘူး။ ကြေညာချက်ကြောင့် တစ်မျိုး တစ်မည် ပြောင်းလဲမှာမဟုတ်ဘူး။ ကျနော်တို့ PDF တွေအနေနဲ့ လုံး၀ ဝေဝါးမှု မဖြစ်ဖို့လည်း ဒီနေရာမှာ အရမ်းအရေးကြီးတယ်။ ကျနော်တို့ ထပ်ပြီးတော့ ပြောချင်တာက ပြည်သူတွေအတွက် PDF ရှိမှ ရမယ်။ ဒီစစ်တပ် မရှိမှ ရမယ်လို့ ပြောချင်တယ်။”ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article