ရန်ကုန်၊ ဇွန် ၁၂
“ကြည့်ဦး..အာဆီယံက ဘာမှ မလုပ်နိုင်ဘူး” ဟု မြန်မာစစ်တပ်က ထင်မြင်ပြောဆိုမှု မလိုလား၍ အာဆီယံအထူးသံတမန်ကို လုပ်ပိုင်ခွင့် အာဏာ ပိုပေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဆိုပြုမည်
စစ်ကောင်စီ၏ ၂၀၂၃ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှု မရှိနိုင်ဘဲ နိုင်ငံတကာနှင့်ဒေသတွင်းကို ခြယ်လှယ် လှည့်စားရန်ကြိုးပမ်းမှုဟု အမေရိကန် နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ် ချိုလက်က ပြောဆိုလိုက်သည်။
စင်ကာပူတွင်ဇွန်လ ၁၁ ရက်နေ့ ကျင်းပသော ဆွေးနွေးပွဲတွင် ၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ အခွင့်အလမ်းမရှိပါဘူး၊ ဒါဟာ ဒေသတွင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်စားခြယ်လှယ်ဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ် ချိုလက် စင်ကာပူရှိ Shangri-La Dialogue တွင် ပြောကြားသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မြန်မာ့အရေး ထိရောက်စွာ ဖြေရှင်းနိုင်ရေး အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို အခွင့်အာဏာ ပိုပေးရန် မလေးရှားက အဆိုပြုမည်ဖြစ်ကြောင်း ပြောဆိုသည်။
“အစည်းအဝေးအချိန်မှာ မြန်မာ့အရေးအတွက် ခက်ခဲတဲ့မေးခွန်းတွေအတွက် ကျနော်တို့မှာ အဖြေမရှိရင် စစ်တပ်က ကြည့်ဦး..အာဆီယံက ဘာမှ မလုပ်နိုင်ဘူး လို့ ပြောဆိုမှာကို ကျနော်တို့ မလိုလားဘူး” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullahက ပြောဆိုသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအနေဖြင့် NUG ၊ NUCC ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင်တို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှု အပါအဝင် အားလုံးပါဝင်သော အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အတိုင်း အာဆီယံက လိုက်နာအကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။
ဓာတ်ပုံ- စင်ကာပူတွင် ဇွန်လ ၁၁ ရက်နေ့ ကျင်းပသော မြန်မာ့အရေးဆွေးနွေးပွဲမြင်ကွင်း။