ရန်ကုန်၊ ဇွန် ၁၂
စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ယူးဝရွာနှင့် တပ်ကုန်းရွာတို့ကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ချင်းတွင်းမြစ်အတိုင်း စုန်းဆင်းလာကာ အဆိုပါ ကျေးရွာ၂ ရွာရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ပြီးနောက် ယူးဝရွာရှိ ပြည်သူပိုင် နေအိမ် ၄ဝဝ လုံး နှင့် တပ်ကုန်းရွာရှိ ပြည်သူပိုင် နေအိမ် ၂ဝဝ လုံးတို့ကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
“ယူးဝရွာမှာ အိမ်ခြေ ၄ဝဝ လောက်ရှိတယ်။ တပ်ကုန်းရွာမှာ အိမ်ခြေ ၂ဝဝ လောက်ရှိတယ်။ စစ်ခွေးတွေက ရွာလုံးကျွတ်ကို ရှို့နေတာ အဲဒီ စစ်ခွေးတပ် မော်တော် ၄ စီးနဲ့ ချင်းတွင်းမြစ် အတိုင်း စုန်ဆင်းလားပြီး အိမ်မှာရှိတဲ့ ပစ္စည်းတွေ အားလုံးယူဆောင်ပြီး အိမ်တွေကို မီးရှို့ ဖျက်ဆီးနေတာ ဇွန်လ ၁၁ ရက်နဲ့ ၁၂ ရက်ပေါ့။ ၂ ရပ်ဆက်တိုက်ကို ရှို့နေတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် ကျေးရွာ ၂ ရွာရှိ ပြည်သူ ၂ ထောင်ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ကျေးရွာအတွင်းရှိ ပျက်ဆီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အလားတူ ခင်ဦးမြို့နယ် ကြို့ကန်ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၁ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ် ၃၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၂ လုံးသည် မီးလောင်ကျွမ်းခဲ့ပြီး စစ်တပ်က ရွာထဲသို့ ရောက်ရှိလာစဉ်၌ ပြည်သူပိုင်နေအိမ် ၃၅ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသောကြောင့် နေအိမ် ၃၇ လုံးပြာကျခဲ့သည့် ကြို့ကန်ရွာ