ရန်ကုန်၊ ဇွန် ၁၃
မကွေးတိုင်း၊ ပခုက္ကူနှင့် ဆိပ်ဖြူမြို့နယ် အစပ်ရှိ ယောချောင်း တစ်လျောက် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၈ ရက်နေ့မှ စတင်ကာ ဝင်ရောက် စီးနင်းနေသောကြောင့် ပြည်သူ ၃ သောင်းကျော်သည် အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် အင်အား ၂ဝဝ ကျော်ပါ စစ်ကြောင်းသည် ဇွန်လ ၈ ရက်နေ့မှ စတင်ကာ ယောချောင်းဘေးရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ပြည် သူပိုင် ပစ္စည်းများကို မွှေနှောက် ယူဆောင်ခြင်းများ၊ ဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်း ဖြစ်ကြောင်းသိရသည်။
“၈ ရက်နေ့ကစပြီး ယောချောင်းဘေးပေါ့။ ပခုက္ကူနဲ့ ဆိပ်ဖြူ အစပ်က ယောချောင်းဘေး ၂ ဖက်လုံးမှာ ရှိတဲ့ ရွာတွေကို စစ်ခွေးတွေ စစ်ကြောင်းထိုးတာပေါ့။ ၈ ရက်နေ့မှာ ပခုက္ကူဖက်ကနေပြီးတော့ ညောင်ဦးဖက်ကလာတဲ့ စစ်သား ၂ဝဝ ကျော်ပါတဲ့ စစ်ကြောင်းက တန့်ကြည်တောင် နောက်ဘက် ယောချောင်းဘေးနားမှာရှိတဲ့ရွာတွေကို စစ်ကြောင်းထိုးတယ်။ ၈ ရက်နေ့မှာ တောင်ပလူ၊ အရှေ့ကမ်းဖြူ၊ ဦးရင်စု၊ ဒဲပြား၊ ဇညောင်း၊ မြစ်ဖျား အဲရွာတွေကို စစ်ကြောင်းထိုးတယ်။ အင်အား ၂ဝဝ ကျော်ပါတဲ့ စစ်ကြောင်း ပြီးတော့ ဆိပ်ဖြူဘက်ခြမ်းကကျတော့ စစ်ကြောင်းတစ်ခုကတော့ ထမကောက်၊ နုံးဘုံ၊ သံပရာပင်၊ ဆားလောက်၊ အနောက်ကမ်းဖြူ၊ ဘဲကျ၊ ကျားဘေ၊ ကျားကွဲ၊ ညောင်ဂွေး၀၊ အင်းကန် ထိ စစ်ကြောင်းထိုးတယ်။ အင်အား ၂ဝဝ ကျော်လောက်ရှိမယ်။ အဲ ၂ဝဝ ကျော်ကခွဲပြီး ဒီကောင်တွေက အနောက် ကဖြူကနေ ခွဲထွက်ပြီးတော့ တပ်မ၊ ကျောက်ကြီး၊ တောင်ဖြူကိုလည်း စစ်ကြောင်းထပ်ထိုးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
စစ်ကြောင်းများသည် ကျေးရွာတိုင်းကို ဝင်ရောက်စဉ် ပြည်သူများကို ဖမ်းဆီးခြင်း၊ ဖုန်းများသိမ်းဆည်းခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို လုယက်ခြင်းများ လုပ်ဆောင်ကြကြောင်း သိရှိရသည်။
“စစ်ကြောင်းတွေက သူတို့က တစ်ရွာဝင်တိုင်း ရွာမှာရှိတဲ့သူတွေဖမ်းဆီး စစ်မေး ရိုက်နှိက်တာတွေလုပ်တယ်။ ပြီးတော့ ဖုန်းတွေဘာတွေယူတယ်။ ဖုန်းသိမ်းယူတာတွေရှိတယ်။ ပြီးရင် ဒေသခံတွေ ဖမ်းပြီး လမ်းပြခေါ်တာတွေ ရှိတယ်။ ဒဲပြားရွာကို ဝင်ပြီး မီးရှို့သွားတယ်။ ပြီးတော့ အဲ စစ်ကြောင်းတွေက ရွာတွေ ဝင်မွှေတိုင်း ပစ္စည်းတွေ ရွှေထည် ပစ္စည်းတွေ အဖိုးတန်တာဆို အကုန်ယူတယ်။ ပြီးရင် ရိက္ခာခြောက်တွေ ယူတယ်။ သေတ္တာတွေ အကုန်ဖွတယ် ဘာမှ မတွေ့ရင် သေတ္တာတွေကို ဖျက်ဆီးသွားတယ်။ ပြီးရင် ဆိုင်ကယ်တွေကို ဖျက်ဆီးတာတွေလုပ်တယ်။ ၁ဝ ရက်နေ့မှာကျတော့ ရှေ့က စစ်ကြောင်းက ထိုးသွားတဲ့ အချိန်မှာ ပျူစောထီးတွေက နောက်က တက်လာတယ်။ ပျူစောထီးတွေက တောင်ပလူကျေးရွာနဲ့ ကမ်းဖြူကျေးရွာကို မွှေတယ်။ ရှိတဲ့ ပစ္စည်းတွေ အကုန်ကားနဲ့ သယ်ယူသွားတယ်။ ကားနဲ့သယ်ပြီးတော့ သူတို့ ယူချင်တာတွေ ယူပြီးရင် သူတို့ မီးရှို့ချင်တဲ့ အိမ်တွေကို မီးရှို့တယ်။ အရှေ့ကမ်းဖြူရွာက အိမ်ခြေ ၃ဝ လောက် မီးရှို့သွားတယ်။ တောင်ပလူ ကျေးရွာကျ တစ်ရွာလုံး နီးနီးလောက်လောက် မီးရှို့ခံရလိုက်ရတယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီ ကပစ ၂၂ ကလည်း စစ်ကြောင်း ထွက်ပြီး ပခုက္ကူနှင့် ဆိပ်ဖြူဘက်များရှိ ကျေးရွာများသို့ နယ်မြေရှင်း လင်းရေးဟု အမည်တပ်ကာ ဝင်ရောက်စီးနင်းမှုများရှိနေကြောင်း သိရှိရသည်။
“ကပစ ၂၂ ဘက်ကလည်း စစ်ကြောင်း တစ်ကြောင်းထွက်ပြီးတော့ တောထဲမှာ ပတ်နင်းနေတယ်။ အဲလိုဖြစ်နေတော့ ဒီမှာ မကွေးတိုင်း ပခုက္ကူနဲ့ ဆိပ်ဖြူ ယောချောင်း ဘေးက ရွာတွေမှာ စစ်ဘေးရှောင် ၃ သောင်းဝန်းကျင်လောက် ဖြစ်သွားတယ်။ အခု လတ်တလော စားဖို့ သောက်ဖို့လုံးဝ မရှိတော့လို့ ဒုက္ခ ရောက်နေတဲ့သူက ၅ ထောင်လောက်ရှိတယ်။ စစ်ခွေးတွေ ဝင်သွားတဲ့ ကျေးရွာထဲမှာရှိတဲ့ ပြည်သူပိုင် ဆိုင်ကယ် အစီး ၁ဝဝ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်သွားသော ကျေးရွာများကို ပခုက္ကူ မြစ်ချေဘက်မှ လာသည့် ပျူစောထီး ဖိုးဇင် ဦးဆောင်သော အဖွဲ့က ထပ်မံ ဝင်ရောက် စီးနင်းပြီး အကြမ်းဖက် စ်တပ်က ယူဆောင်ခြင်းမရှိသော ပစ္စည်းများကို ကားများဖြင့် တင်ဆောင်ကာ အရှေ့ကမ်းဖြူရွာမှ ပြည်သူပိုင်နေအိမ် အလုံး ၃ဝ နှင့် တောင်ပလူရွာကို ရွာလုံး ကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန် ယောချောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူ ၃ သောင်းကျော်ခန့်သည့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ပြည်သူ ၅ ထောင်ကျော်ခန့်သည့် ခြေဦးတည့်ရာ ပြေးလွှားရင်း ရိက္ခာ ပြတ်တောက်သွားသောကြောင့် အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။