ရန်ကုန်၊ ဇွန် ၁၃
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာ၊ ဘုရားကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြား ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း KNDF ထံမှ သိရှိရသည်။
“ဖရူဆိုမြို့နယ် ဒေါညေးခူနဲ့ ထီးပေါ်ဆို ကျေးရွာတွေမှာ စစ်ကြောင်းထိုးလာတဲ့ စကစ တွေနဲ့ KA၊ KNDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်တာ၊ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး။ စကစ ဘက်က အသေအဆုံးများတယ်၊ အရေအတွက်ကိုတော့ အတည်ပြုလို့မရသေးဘူး။ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာလည်း ရှိတယ်၊ ကျနော်တို့ တပ်ဖွဲ့တွေ ပြန်မရောက်သေးလို့ အတိအကျ မသိရသေးဘူး” ဟု KNDF သတင်းပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၁ ရက်နေ့တွင် ဖရူဆိုမြို့မှ ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသော တပ်ဖွဲ့ဖြစ်ကြောင်း KNDF ထံမှ သိရှိရသည်။
တိုက်ပွဲဖြစ်စဉ်အသေးစိတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုစာရင်းနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုကို တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ – KNDF တပ်ရင်း ၂