ရန်ကုန်၊ ဇွန် ၁၄
ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျွန်ကလေး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး မြင့်ရွှေကို ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မြင့်ရွှေသည် စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးအဖွဲ့ဝင် ၁ ဦးဖြစ်ပြီး ရန်ကုန်-ပြည် ကားလမ်းဘေးရှိ လယ်ကွင်း တစ်ခုတွင် ဦးခေါင်းကို ကျည် ၂ ချက်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ထားဝယ်တက္ကသိုလ်၊ မြန်မာစာဌာနမှ ကထိက ဝင်းဗိုလ်နှင့် ပန်းတင်အင်းကျေးရွာ ရပ်ကျေး စာရေးမ မြမြမိုး တို့ကို စစ်တပ်သတင်းပေးဟု စွပ်စွဲပြီး ဇွန်လ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ၎င်းတို့ နေအိမ်၌ပင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ကထိက ဝင်းဗိုလ်သည် CDM ဝန်ထမ်းတွေကို ရုံးတက်ရန် ဖိအားပေး ခြိမ်းခြောက်ခြင်း စစ်တပ်ကို သတင်းပေး တိုင်ကြားခြင်းနှင့် ရပ်ကျေး စာရေးမ မြမြမိုးသည်လည်း CDM ဝန်ထမ်းများနှင့် ထောက်ပို့ လုပ်ဆောင်သူများကို စစ်တပ်ထံ သတင်းပေး တိုင်းကြားသောကြောင့် Laung Lone People Defense Force – LLPDFနှင့် Dawei Guerrilla Revolutionary Force – DGRF တပ်ဖွဲ့တို့က ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပန်းတောင်းရွာမှ စစ်တပ် သတင်းပေးဟု စွပ်စွဲသတ်မှတ်ခံရသူ ကျော်ဆန်းကို Black Wolf-PDF တပ်ဖွဲ့က ဇွန်လ ၁၂ ရက်နေ့ ည ၁၀ နာရီ ၃ဝ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ကျော်ဆန်းသည် ပန်းတောင်းရွာရှိ ပြည်သူများကို ရမ်းကား ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် စစ်တပ်ကို သတင်းပေးခြင်းနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို လမ်းပြအဖြစ်ပါ ဆောင်ရွက်ပေးခြင်းကြောင့် Black Wolf-PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သေဆုံးသူများသည် စစ်တပ်သတင်းပေးများ ဟုတ်၊ မဟုတ် အခြေအနေကို ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။