ရန်ကုန်၊ ဇွန် ၁၄
မန္တလေးတိုင်း၊ မိတ္တီလာရှိ ရှမ်းတဲလေတပ်စခန်းမှ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၏ PSO လေတပ်အရာရှိတစ်ဦး၊ မင်္ဂလာဒုံလေတပ်စခန်းမှ အုပ်ခွဲတပ်ကြပ်ကြီး တင်ကျော်ဦးတို့ကို PDF ထောက်ပံ့သည်၊ ဖရဲသီးလုပ်၍ သတင်းများ ဖြန့်ချိသည်ဆိုသော စွပ်စွဲချက်များဖြင့် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးလိုက်ကြောင်း လေတပ် သတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၉ ရက်နေ့တွင် အုပ်ခွဲတပ်ကြပ်ကြီး တင်ကျော်ဦးကိုလည်းကောင်း၊ ရှမ်းတဲလေတပ်စခန်း ဌာနချုပ်မှူး PSO လေတပ်အရာရှိကိုလည်းကောင်း စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရှမ်းတဲလေတပ် ဗိုလ်ချုပ် စိုးအောင်ရဲ့ PSO ကိုလည်း စရဖက ဝင်ဖမ်းတယ်။ မင်္ဂလာဒုံလေတပ် Y8 လေယာဉ် အုပ်ခွဲတပ်ကြပ်ကြီး တင်ကျော်ဦးကိုလည်း စစ်တပ်က ဖမ်းသွားတယ်။ ဇွန်လ ၉ ရက်နေ့က ။ စွပ်စွဲချက်တွေက PDF ကို ထောက်ပံ့လို့ ၊ ဖရဲသီးလုပ်လို့ဆိုတဲ့ စွပ်စွဲချက်တွေပေါ့” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်အတွင်းနှင့် ဝန်ကြီးဌာနများအတွင်းတွင် တပ်သတင်းများ၊ ဌာနဆိုင်ရာသတင်းများကို အပြင်သို့ ပေါက်ကြားစေရန် လုပ်ဆောင်နေသော ဖရဲသီးများကို ဖော်ထုတ်အရေးယူရန် ၎င်းကိုယ်တိုင် ညွှန်ကြားထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်က ရှမ်းတဲလေတပ်စခန်းကို သွားရောက်စဉ် လေယာဉ်မှူးများကိုတွေ့ဆုံမှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)