ရန်ကုန်၊ ဇွန် ၂၀
ကရင်ပြည်နယ်၊ သံတောင်မြို့ စာတိုက်ရုံး လမ်းဆုံတွင် ခရီးသွားပြည်သူများကို စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဇွန်လ ၂၀ ရက် နံနက် ၉ နာရီ ၄၀ ခန့်တွင် သံတောင် PDF က စနိုက်ပါဖြင့် ပစ်ခတ်ရာ တပ်ကြပ်ကြီး အဆင့်ရှိ စစ်သား ၁ ဦး သေဆုံးသွားကြောင်း သံတောင် PDF က သတင်းထုတ်ပြန်သည်။
ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် အနီးဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး စစ်ဆေးဖမ်းဆီးမှုများ လုပ်လာနိုင်သဖြင့် ပြည်သူများ သတိပြုသွားလာကြရန် ထုတ်ပြန်ထားသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သည် အခင်းဖြစ်ရာအနီးရှိ စာသင်ကျောင်းတွင် ဝင်ရောက်တပ်စွဲပြီး လမ်းသွားလမ်းလာများကို စစ်ဆေးနေကြောင်း သိရှိရသည်။
ဓါတ်ပုံ – သံတောင် PDF