ရန်ကုန်၊ ဇွန် ၂၉
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံအစပ် မြောက်ဒဂုံ ဘေလီတံတားအနီးတွင် ယနေ့ ည ၇ နာရီ၄၀ မိနစ်အချိန်က ကလူဂါကားတစ်စီးပေါ်တွင် မောင်းနှင်သူ အမျိုးသား တစ်ဦးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ရာ သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။
ဇွန်လ ၂၉ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်တွင် ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါ ကလူဂါကားသည်မြောက်ဒဂုံ ဘေလီတံတားအဆင်းအတိုင်း ဆင်းလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြောက်ဒဂုံ ဘေလီအဆင်း KIA showroom ရှေ့မှာ ကားမောင်းနေတာကို ပစ် သွားတာ။ အဲ့ဒီကားက မြောက်ဒဂုံထဲက လာတာ ဘေလီမီးပွိုင့်ကနေ KIA Show Room ထောင့် အထွက်မှာ အပစ်ခံရပြီး ပွဲချင်းပြီးသေတာ။ ကားက ဒီဘက် Show Room ဘက်ကားလမ်းကိုထိုးကျလာတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းနောက် စစ်ကောင်စီတပ်များရောက်ရှိလာပြီး လမ်းများအားလုံးကို ပိတ် ဆို့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း ၊ လက်ရှိအချိန်အထိ စစ်ဆေး မှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်အထိ အပစ်ခတ်ခံရ၍ သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။



