ရန်ကုန်၊ ဇွန် ၃၀
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ဥကရစ်ထ စစ်ကောင်စီခြေကုတ်စခန်းကို KNDO၊ KNLA ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၆ ရက်နေ့ နံနက်မှစတင်ကာ တိုက်ခိုက်နေပြီး အဆိုပါ စခန်းမကျစေရေးအတွက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်လေယာဉ်များဖြင့် အလွန်အကျွံ ပစ်ခတ်တိုက်ခိုက်နေခဲ့ပြီး Cluster Bomb ခေါ် ထပ်ဆင့်ပေါက်ကွဲစေနိုင်သည့် ဗုံးများပင် ကျဲချတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
ယနေ့ ဇွန်လ ၃၀ ရက် နံနက် ၈ နာရီဝန်းကျင်မှ စတင်ကာ စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များ လာရောက် ဗုံးကျဲတိုက်ခိုက်သည်မှာ ၅ ကြိမ် ရှိနေပြီး Cluster Bomb ကို ၂ ကြိမ် ကျဲချတိုက်ခိုက်သွားကြောင်း ကရင်သတင်းရင်းမြစ် ၁ ဦးက ပြောဆိုသည်။
ဥကရစ်ထတိုက်ပွဲသည် ယနေ့ပါဆိုလျှင် ၅ ရက်တာ ကြာမြင့်နေပြီဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ အများအပြားသေဆုံးသလို KNDO၊ KNLA ဘက်မှလည်း ၁၃ ဦးထက်မနည်း ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူများ အများအပြား ရှိနေခဲ့သည်။
“ကျတာ ၁၃ ယောက်ရှိပြီ၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ မနေ့က ဗုံးကျဲတာ ထိပြီးတော့ ရွာသား ကလေး ၁ ယောက်သေတယ်၊ သူ့အဖေနဲ့ အမေလည်း ထိခိုက်တယ်” ဟု KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်း သတင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
“ဟုတ်ကဲ့၊ ကျနော်တို့ Cobra စစ်ကြောင်းဘက်ကလည်း အထိအခိုက်ရှိပါတယ်၊ သတင်းထုတ်ပြန်ပါမယ်” ဟု သတင်းပြန်ကြားရေးတာဝန်ခံ မျိုးသူရကိုကိုက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုထားသည်။
ယမန်နေ့ ဇွန်လ ၂၉ ရက် ညသန်းခေါင်းအချိန်ထိ ဥကရစ်ထစခန်းဝန်းကျင်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားရပြီး လေကြောင်းမှလည်း ညနက်သည်အထိ တိုက်ခိုက်ခဲ့ကြောင်း KNDO ရှေ့တန်းသတင်းရင်းမြစ်ထံမှ သိရှိရသည်။
“မနေ့ညက တိုက်လေယာဉ်နဲ့ ပစ်ခတ်သံတွေက မဲဆောက်ဘက်က ကြားရတယ်လို့ အဲဒီဘက်က မိတ်ဆွေတွေက ပြောတယ်။ အသံကြီးတွေက အတော်ကို ကျယ်တာ။ မှော်ဘီဘက်က တိုက်လေယာဉ်တွေ တစ်စီးပြီး တစ်စီး တက်တယ်ဆိုတဲ့ သတင်းတွေ တက်လာပြီးရင် သိပ်မကြာဘူး မြဝတီဘက်မှာ တဝုန်းဝုန်းနဲ့ကို ချနေကြတာ။ မနေ့ည ၁ နာရီလောက်အထိ လေယာဉ်တွေ ပျံသံ ကြားရတယ်” ဟု မြ၀တီဒေသခံတစ်ဦးက ပြောသည်။
ဓါတ်ပုံ – ကော်ဘရာစစ်ကြောင်းမှ သိမ်းဆည်းရရှိသော Cluster ဗုံးခွံများ


