29 C
Yangon

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဖို့ စဥ်းစားလာပြီဖြစ်တဲ့ ဖိအားများအောက်က သြစတြေးလျ

Must read

ရန်ကုန်၊ ဇွန် ၃၀

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ချမှတ်နိုင်ရေး လေးလေးနက်နက် ထည့်သွင်း စဉ်းစားနေသည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးသစ် Penny Wong က ပြောကြားကြောင်း နိုင်ငံပိုင်ရုပ်သံ ABC က ဖော်ပြခဲ့ပါတယ်။

စစ်အုပ်စုကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ဖို့နဲ့ NUG နှင့် NUCC တို့ကို အသိအမှတ်ပြုဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ အိတ်ဖွင့်ပေးစာတစ်စောင် အရပ်ဘက်အဖွဲ့အစည်းပေါင်း (၆၈၈) ဖွဲ့ က ရေးသားပေးပို့ တောင်းဆိုမှုအပေါ် Penny Wong ရဲ့ မှတ်ချက်တွေ အခုလို ထွက်ပေါ်လာခဲ့တာပါ။

Penny Wong ကတော့ “မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ပါမောက္ခ ရှောင်တာနယ် ဟာ ကျွန်မတို့ရဲ့ ပထမ ဦးစားပေးပါ” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ပါမောက္ခ ‌ရှောင်တာနယ်ဟာ သြစတြေးလျနိုင်ငံသား စီးပွားရေး ပညာရှင်တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးလည်း ဖြစ်ပါတယ်။ အာဏာသိမ်း ကြိုးပမ်းမှုအပြီး ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ အဖွဲ့ဝင်လည်းဖြစ် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်ရဲ့ ကျွမ်းကျင်သူလည်း ဖြစ်ခဲ့တဲ့ Chris Sidoti က ဩစတြေးလျရဲ့ မြန်မာနိုင်ငံအပေါ် ပျော့ပျောင်းတဲ့ ချဉ်းကပ်မှုတွေက ပိတ်ဆို့အရေးယူမှုတွေကို အဟန့်အတား ဖြစ်စေခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်အတွင်းက ဝေဖန်ခဲ့ပါတယ်။

“သူတို့မှာ လုပ်ကိုင်နိုင်စွမ်း သြဇာအရှိန်အဝါ ရှိတယ်ဆိုတဲ့ အထောက်အထားတွေကို မြင်ရဖို့တော့ ခက်ပါလိမ့်အုန်းမယ်။ ရှောင်တာနယ် က ထောင်ထဲမှာပဲ ရှိနေသေးတယ်လေ” ဟု ၎င်းက Sydney Morning Herald သတင်းစာကို ပြောကြားခဲ့ပါတယ်။

ဩစတေးလျဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ထိမ်းသိမ်းလာတာ အခုဆိုရင် ၂၅ နှစ် ရှိနေပါပြီ။ ဒီလို ၂၅ နှစ်ကြာပြီး နောက်ပိုင်းမှာတော့ သူတို့(မြန်မာစစ်တပ်)ဟာ သြစတြေးလျနိုင်ငံသားတစ်ဦးကို ကလိန်ဉာဏ်နဲ့ အကွက်ဆင် ဖမ်းဆီးထောင်ချခဲ့ပြီး၊ ဩစတေးလျက အဲဒီအပေါ်မှာ ဘာမှမလုပ်နိုင်ဘူးဆိုရင် လက်ရှိ ကျင့်သုံးနေတဲ့ နည်းဗျူဟာက မအောင်မြင်တော့ဘူး ဆိုတာနဲ့ အခြား မတူညီတဲ့ နည်းဗျူဟာတစ်ရပ် ဖော်ဆောင်ဖို့ လိုအပ်နေပြီဆိုတဲ့ အကြောင်းကိုတော့ ပြောရတော့မှာပဲ ဖြစ်တယ်လို့ ၄င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်ထားတဲ့ ၎င်းရဲ့ မဟာမိတ်တွေဖြစ်တဲ့ အမေရိကန်၊ အီးယူ၊ ယူကေ၊ ကနေဒါ နဲ့ နယူးဇီလန် တို့နဲ့မတူပဲ တမူကွဲပြားစွာ မြန်မာနိုင်ငံအပေါ် မည်သည့်အရေးယူ ပိတ်ဆို့မှုကိုမှ ချမှတ်ထားခြင်း မရှိသေးပေ။

ထို့အတူ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပွားပြီး နောက်ပိုင်းမှာလည်း သြစတြေးလျဟာ ၎င်းရဲ့ မဟာမိတ်များကဲ့သို့ အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒဏ်ခတ်အရေးယူခဲ့ခြင်း မရှိခဲ့ပေ။

သို့သော် မြန်မာနိုင်ငံအပေါ် အရေးယူဖို့ ဩစတြေးလျရဲ့ ပျက်ကွက်မှုနဲ့ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုအပေါ် ၎င်းရဲ့ (ဩစတြေးလျ) တုံ့ပြန်မှုကို ယှဥ်ထိုးကြည့်မယ်ဆိုရင်တော့ သိသာစွာ ကွဲပြားဆန့်ကျင်နေပါတယ်။

ရုရှားရဲ့ ရန်လိုကျူးကျော်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ သြစတြေးလျက ယခုနှစ်အတွင်း အရေးယူ ပိတ်ဆို့မှု ၁၅ ကြိမ် ခန့် ချမှတ်ခဲ့ပေမဲ့ မြန်မာနိုင်ငံအပေါ်မှာတော့ တစ်ကြိမ်တစ်လေမှ မရှိခဲ့ပါဘူး ဟု Justice For Myanmar အဖွဲ့က နှိုင်းယှဥ် ထောက်ပြခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article