30 C
Yangon

တရုတ်ဩဇာ ကြီးထွားရေးနှင့် စစ်ကောင်စီ တရားဝင်မှု ရရှိရေး တို့အတွက် အသုံးချခံ ဖြစ်လာသည့် လန်ချန်း-မဲခေါင် အစည်းအဝေး

Must read

By လမ်းသစ်

အကြမ်းဖက် စစ်ကောင်စီကို ထောက်ခံသဘောတူကြောင်း ဖော်ပြရာ ရောက်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး(LMC) ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ ပုဂံမြို့တွင် ကျင်းပခဲ့သည့် အဆိုပါ အစည်းအဝေးသည် တရုတ်အပါအဝင် မဲခေါင်မြစ်ကြောင်း တစ်လျှောက်ရှိ အာဆီယံနိုင်ငံများက အကြမ်းဖက် စစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုသည့် သဘောဖြစ်လာသည်။

လန်ချန်း-မဲခေါင် စင်္ကြန်စီမံကိန်းသည် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများဖြစ်သည့် တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်ထားသော အစုအဖွဲ့တခု ဖြစ်သည်။

တရုတ်နိုင်ငံကမူ စစ်ကောင်စီကို အသိအမှတ်ပြုခြင်းထက် မဲခေါင်မြစ်‌ဝှမ်း ‌ဒေသတွင်းနိုင်ငံများ အကျိုးစီးပွား ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်တက်ရောက်ခြင်း ဖြစ်သည်ဟု တရုတ်၏ နိုင်ငံရပ်ခြား အာဘော်ဖြစ်သည့် Global Time သတင်းဌာန၏ ရေးသားချက်တွင် ‌ဖော်ပြထားသည်။

လက်တွေ့တွင်မူ အဆိုပါအစည်းအဝေးသည် ထိုသို့ဒေသတွင်းနိုင်ငံများ အကျိုးစီးပွား ဆိုသည်ထက် ၄င်း၏အကျိုးစီးပွားအတွက် ထွက်ပေါက်မဲ့နေသော စစ်ကောင်စီကို ထွက်ပေါက်ရှာပေးရန် ကြိုးပမ်းသည့် တရုတ်၏ နိုင်ငံရေး အကွက်ရွှေ့မှု သက်သက်သာ ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကလည်း အကြမ်းဖက်စစ်ကောင်စီ တည်ရှိနေမှုကို အသိအမှတ်ပြုသည့်အနေဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများ၊ သဘောတူညီချက်များကိုပါ ဆွေးနွေးသွားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ ချောမွေ့စွာ လည်ပတ်နိုင်ရေး အာမခံချက်ပေးရန်နှင့် တရုတ်-မြန်မာ့စီးပွား‌ရေးစင်္ကြန် တည်ဆောက်မှုကို တွန်းအားပေးရန် တို့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့သည်ဟု အချို့သော သတင်းဌာနများတွင် ဖော်ပြခဲ့ကြသည်။

မဲခေါင်မြစ်ဝှမ်းတလျောက် တည်ဆောက်ထားပြီး၊ မြစ်ရေစီးကို လိုသလို ထိန်းချုပ်ထားသော ရေအားလျှပ်စစ်စီမံကိန်းများကြောင့် ဂေဟစနစ်များ ပျက်ဆီးလာမှုနှင့်အတူ ဒေသတွင်းနိုင်ငံများအကြား ဖြစ်ပေါ်လာသော စိုးရိမ်မှုများနှင့် တင်းမာမှုများကို ဖြေရှင်းရန် တရုတ်နိုင်ငံက ဦးဆောင်ကာ လန်ချန်း-မဲခေါင် နိုင်ငံများစုဖွဲ့မှုကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

စင်စစ် တရုတ်နိုင်ငံကသာ မဲခေါင်မြစ်ကြောင်းတလျောက် ကြီးမားသည့် ရေအားလျှပ်စစ် စီမံကိန်း ၁၀ အထိ တည်ဆောက်ထားပြီး၊ မဲခေါင်မြစ်ရေ စီးဆင်းမှုကို လိုသလို ထိန်းချုပ်ထားသည်ကို တွေ့ရသည်။

ထို့အပြင် တည်ဆောက်ထားသော ဆည်များမှတဆင့် မဲခေါင်မြစ်ရေ စီးဆင်းမှုအပေါ် ပိတ်ဆို့နိုင်ခြင်း၊ ဖောက်ချနိုင်ခြင်း တို့သည် မဲခေါင်မြစ် အောက်ပိုင်းရှိ နိုင်ငံများအပေါ် လူမှုရေး စီးပွားရေးသာမက လုံခြုံရေးကိုပါ အကြီးအကျယ် ခြိမ်းခြောက်ရာ ရောက်နေသည်ကို တွေ့ရသည်။

ကီလိုမိတာ ၄,၈၈၀ ရှည်လျားသော မဲခေါင်မြစ်မြစ်ကြောင်းတလျှောက် ဒေသများ ဖွံဖြိုးတိုးတက်ရေးနှင့် ရေအရင်းအမြစ်ကို အသုံးချနိုင်ရေး ခေါင်းစဥ်ဖြင့် တရုတ်က ကမကထပြု တည်ထောင်ခဲ့သော အဆိုပါအုပ်စုသည် လက်တွေ့တွင်မှု အာဆီယံအဖွဲ့အတွင်း အုပ်စုကွဲစေသည့် အခင်းအကျင်းမျိုး ရောက်ရှိစေရန် သို့တည်းမဟုတ် တရုတ်၏ နိုင်ငံရေး အာဂျင်ဒါများကို အဆိုပါ လန်ချန်း-မဲခေါင် စုဖွဲ့မှုမှတဆင့် အာဆီယံအဖွဲ့အတွင်း သွတ်သွင်း အကောင်အထည်ဖော်ရန် လုပ်ဆောင်မည့် တရုတ်၏ နိုင်ငံရေးခြေလှမ်းများ ဖြစ်သည် ဆိုသည်မှာ တဖြေးဖြေး သိသာထင်ရှားလာနေသည်။

အခြားတဖက်တွင်လည်း အိန္ဒိယသမုဒ္ဒရာတွင် ပထဝီနိုင်ငံရေးအရ လွမ်းမိုးမှု၊ တောင်ပိုင်းဒေသများအတွက် ပင်လယ်ထွက်ပေါက်တခုနှင့် စီးပွားရေးအရ အကျိုးအမြတ်ရရှိမှု တို့အတွက် အရေးပါသည့် မြန်မာနိုင်ငံတွင် မည်သို့ပင် ဖြစ်နေသည် ဖြစ်စေ၊ မည်သည့်အစိုးရက အုပ်ချုပ်သည်ဖြစ်စေ အာဏာလက်ဝယ်ရှိသူနှင့်သာ ထိတွေ့ဆက်ဆံမည့် တရုတ်နိုင်ငံ၏ မူဝါဒကလည်း ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်လာစေသည်။

အထူးသဖြင့် အာဆီယံသည် ၄င်း၏ အစည်းအဝေးများအတွင်း စစ်ကောင်စီ၏ အဆင့်မြင့်ခေါင်းဆောင်များကို အသိအမှတ်ပြု ဖိတ်ကြားခြင်း မရှိတော့သော်လည်း၊ တရုတ်၏ ဖိအားဖြင့် လန်ချန်-မဲခေါင် ဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင်များ ဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ဆွေးနွေးခြင်းက အာဆီယံ၏ လက်ရှိ သဘောထား ရပ်တည်မှုကို ဆန့်ကျင်‌ရာ ရောက်နေသည်။

တရုတ်သည် အာဆီယံကို ပေါင်းစည်းမှုထက် ကွဲပြားကာ နိုင်ငံတခုချင်းနှင့်သာ ဆက်ဆံရေး ထူထောင်လိုနေကြောင်း The Diplomat သတင်းဌာနက ရေးသားဖော်ပြခဲ့ဖူးသည်။

မြန်မာတွင် ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် အစည်းအဝေးပွဲအပြီး ထုတ်ပြန်ချက်တွင်လည်း ပြည်သူများ လိုလားတောင့်တသော ကိစ္စရပ်များ မပါဝင်ခဲ့ချေ။ ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပရေးကို ဦးတည်သော “ပြည်သူ့အာဏာ ပြည်သူထံ ပြန်လည်အပ်နှင်းရေး” ဆိုသည့် ဟန်ဆောင်စကားလုံးများ ပါဝင်သော အဆိုပါထုတ်ပြန်ချက်သည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် နိုင်ငံရေးထွက်ပေါက် ရှာပေးခြင်းသာ ဖြစ်သည် ဆိုသည်ကိုလည်း မြန်မာပြည်သူများအနေနှင့် သိရှိပြီး ဖြစ်သည်။

စင်စစ်တွင်လည်း လန်ချန်း-မဲခေါင် အစည်းအဝေးသည် တရုတ်အကူအညီနှင့် အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာ စာမျက်နှာစာတွင် နေရာဝင်ဆန့်မှု ရရှိလာရန် ကြိုးစားမှု တရပ်မျှသာ ဖြစ်သည်။ ထိုသို့ တရုတ်၏ စစ်ကောင်စီကို ထောက်ခံမှုသည် အာဆီယံ ဘုံစည်းလုံးမှုကို ထိခိုက်စေရုံသာမက ဒေသတွင်း မတည်မငြိမ်ကိုပါ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

စစ်ကောင်စီကို တရုတ်၏ ထောက်ခံမှုသည် တရုတ်အပေါ် မြန်မာပြည်သူတို့၏ အမုန်းတရားများ ပို၍တိုးလာစေမည်သာဖြစ်ပြီး၊ ISP အပါအဝင် စစ်တမ်းများအရလည်း တရုတ်အပေါ် မကျေနပ်မှု၊ မလိုလားမှုများ ပိုကြီးထွားလာနေသည်ကို တွေ့ရသည်။

ကိုယ်ကျိုးစီးပွား အဓိကထားသော တရုတ်၏ အာဏာလက်ဝယ် ရှိသူချင်း ဆက်ဆံရေးသည် မြန်မာပြည်သူများနှင့် ဆက်ဆံရေးကို ပို၍ ဝေးကွာ‌သွားစေပြီး၊ ရေရှည်တွင် မြန်မာနိုင်ငံတွင်း တရုတ်အကျိုးစီးပွားနှင့် ရင်းနှီးမြုပ်နှံမှုများအပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိလာစေမည် ဖြစ်သည်။

အချုပ်အားဖြင့် လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးသည် အာဆီယံဘုံစည်းလုံးမှုကို ပြိုကွဲသွားစေနိုင်သည့်၊ ဒေသတွင်း တရုတ်ကြီးစိုးမှုကို ပိုအားကောင်းလာစေရန် ကြိုးပမ်းသော ခြေလှမ်းတစ်ရပ်သာ ဖြစ်သည်။

ထို့အပြင် ကိုယ်ကျိုးစီးပွားအတွက် လန်ချန်း-မဲခေါင် အစည်းအဝေးကို အသုံးချကာ နိုင်ငံတကာတွင် လူတောမတိုးနိုင်ဖြစ်နေသော စစ်ကောင်စီကို လူရာသွင်းပေးသည့် တရုတ်၏ လုပ်ရပ်ကလည်း မြန်မာပြည်သူများအား ဒေါသမီးလောင်မြိုက်စေပြီး တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပိုမိုမြင့်တက်လာစေအောင် တွန်းပို့စေမည်သာ ဖြစ်ပေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article