ရန်ကုန်၊ ဇူလိုင် ၂
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလုံတွီကျေးရွာကို ဇွန်လ ၂၉ ရက်နေ့တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်က အများပြည်သူပိုင် နေအိမ်များ၊ ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် သောက်သုံးရေကန်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပလုံတွီ (Palung Tui) ကျေးရွာ၌ အကြမ်းဖက်စစ်တပ်နှင့် CDF မင်းတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့သလို CDF မင်းတပ် ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်။
ပလုံတွီကျေးရွာသည် မင်းတပ်၊ မတူပီနှင့် ထီးလင်းမြို့နယ် အစပ်တွင် တည်ရှိပြီး သောက်သုံးရေရှားပါးသော ဒေသတွင် အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ သောက်သုံးရေကန်များကို ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။


