ရန်ကုန်၊ ဇူလိုင် ၅
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ယနေ့ နံနက် ၇ နာရီ ၃၇ မိနစ်အချိန်တွင် ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ပြည်သူအများစု သိရှိလိုက်ရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
“ငလျင်တော်တော်လှုပ်သွားတယ်။ တိုက်တွေ အိမ်တွေများ ပြိုကျမတတ် လှုပ်ခတ်သွားပါတယ်။ အိမ်မှာရှိတဲ့သူတွေ တချို့ဆို ခေါင်းမူးနောက်တဲ့အထိဖြစ်သွားခဲ့ပါတယ်” ဟု မင်္ဂလာဒုံဒေသခံတစ်ဦးက ပြောဆိုသည်။
ရန်ကုန်မြို့ခံအများစုကလည်း ငလျင်ကိုသိသိသာသာခံစားရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုနေကြသည်။
လတ်တလော ငလျင်လှုပ်မှုကို သိသိသာသာ ခံစားခဲ့ရသော မြို့နယ်များတွင် မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တာမွေ၊ တောင်ဥက္ကလာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်မြို့နယ်၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွှန့် ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ စသည်ဖြင့် နေရာအများစုက ခံစားသိရှိရကြောင်း ဒေသခံများက ဆိုကြသည်။