ရန်ကုန်၊ ဇူလိုင် ၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရှားဒူကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီး ရွာလုံးကျွတ် မီးရှို့လျက်ရှိကာ တစ်ရွာလုံး မီးလောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။
“ပခုက္ကူ၊ ရှားဒူးကျေးရွာကို ဖက်ဆစ်စစ်ကြောင်းဝင်ပြီး မီးရှို့နေတာ။တစ်ရွာလုံးလောက် မီးလောင်နေပြီတဲ့
အခု ရှို့နေတာ။ အိမ်ခြေ၂၀၀ ကုန်သလောက်ဖြစ်နေပြီ။ ရွာသူရွာသားတွေအားလုံး ထွက်ပြေးနေရတယ်” ဟု ပခုက္ကူ၊ ရှားဒူးကျေးရွာသားတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် နမသင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၆ နာရီကျော်တွင် ဝင်ရောက်စီးနင်း မီးရှို့ပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် ကျေးရွာ အပြင်ဘက်တွင် ကားများ ရပ်တန့်ပြီး ကင်းပုန်းများချကာ နမသင်းကျေးရွာထဲကို ခြေလျင် ဝင်ရောက်လာပြီးနောက် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၅ ဦးကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
” ရွာထဲကို နံနက် အစောကြီးဝင်စီးပြီး မီးရှို့တာ ရွာလုံးကျွတ်ကို ထွက်ပြေးနေရတယ်။ ရွာအပြင်ဘက်မှာ ကားတွေ ရပ်ထားပြီးတော့ ရွာအနောက်ပိုင်းကနေ ခြေလျင် ဝင်စီးတာ ပြည်သူ ၅ ဦးလည်း ဖမ်းခံထားရတယ်လို့ သိရတယ်။ ရွာထဲက အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် က နာရီ ၃၀ မိနစ်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်း မီးရှို့နေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
လက်ရှိချိန်တွင် ဒေသခံ ပြည်သူများသည် ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက် နိုင်ခြင်း မရှိသေးဘဲ ပြည်သူများ ဖမ်းဆီးခံရမှု အခြေအနေနှင့် ထိခိုက်ဒဏ်ရမှု ရှိမရှိကို အတည်မပြု နိုင်သေးကြောင်း ဒေသခံများက ပြောဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က မီးဝင်ရှို့သဖြင့် မီးလောင်နေသော ပခုက္ကူ၊ ရှားဒူးကျေးရွာ။