ရန်ကုန်၊ ဇူလိုင် ၉
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကံထောင်ကျေးရွာမှ စစ်တပ်ပိုင် ဦးပိုင်လုပ် ကွက်တွင် အလုပ်လုပ်နေကြသော ရွှေလုပ်သမား ၁၅၀ ကျော်ကို စစ်တပ်က ယမန်နေ့ညပိုင်းတွင် ဖမ်းဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့ ည ၇ နာရီအချိန် သပိတ်ကျင်းမြို့နယ်၊ ကံထောင်ကျေးရွာအတွင်းသို့ စစ်တပ်က ဝင်ရောက်လာပြီး ရွှေတူးဖော်ရေးလုပ်ငန်းများတွင် လာရောက် လုပ်ကိုင်နေသူ ရွှေလုပ်သား ၁၅၀ ကျော်ကို လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ရွှေလုပ်သားများမှာ လွန်ခဲ့သော ၅ နှစ်ကျော်ခန့်မှ စတင်ပြီး လာရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရှိရသည်။
“ရွှေလုပ်သားတွေဒီမှာနေထိုင်လာတာ ၅နှစ်အထက်မှာရှိမယ်ဗျ ။သူတို့က ပုံမှန်အတိုင်းဆက်ကြေး လာကောက်တာထင်တာ။ အကုန်လုံးဖမ်းဆီးခေါ်သွားတယ်။ ငွေနဲ့လိုက်ရွေးလို့လည်း အရွေးမခံဘူး။ ဖမ်းတာကတော့ ဧည့်စာရင်းစစ်ပြီး ဧည့်စာရင်းမတိုင်လို့ ဖမ်းတာလို့တော့ပြောတာပဲ” ဟု ဒေသခံကျေးရွာသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသော အလုပ်သမား ၁၅၀ သည် ၂၀၂၀ အတွင်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အမည်ဖြင့် တူးဖော်ခွင့်ပြုထားသည့် သတ္တုတူးဖော်ရေးလုပ်ကွက်များတွင် လုပ်ကိုင်နေသည့် အလုပ်သားများဖြစ်ကြောင်း သိရှိရသည်။
“အလုပ်သမားတွေကို အခုလိုအင်အား ၁၅၀ကျော်၊ ၂၀၀နီးပါးကို ဖမ်းဆီးတယ်ဆိုတာကတော့ရှင်းပါတယ်ဗျာ။စစ်သားတွေလိုအပ်နေလို့ စစ်သားအဖြစ်ခေါ်ဖို့။ အရင်ကလည်း ဒီမှာနေထိုင်လာတာ။ အရင်ကလည်း အခုလိုလူဦးရေ အများအပြားကြီး တစ်ခါမှမဖမ်းဘူးဘူး။ အခုဟာက ဖမ်းတဲ့အရေးအတွက်ကလည်း ၁၅၀ နဲ့၂၀၀ ကြားဆိုတော့ဗျာ ပေါ်တာဆွဲတာပဲ။ နောက်ပြီး သူတို့ချထားပေးတဲ့ လုပ်ကွက်တွေမှာ လုပ်ကိုင်နေတဲ့ သူတွေကိုဖမ်းတာ” ဟု သပိတ်ကျင်းမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးဒေသတွင် အလတ်စားရွှေလုပ်ကွက်အဖြစ် မြေ ကွက် ၄၆၄ ဒသမ ၇ ဧကရှိသည့် ရွှေလုပ် ကွက်၂၅ ကွက်ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အမည်ဖြင့် တူးဖော်ခွင့်ပြုထားကြောင်း၊ ဧက ၂၀ အကျယ်ရှိ လုပ် ကွက်ပေါင်း ၂၀ နှင့် အခြားလုပ်ကွက် ၅ ခုကို ၂၀၂၀ နှစ်လယ်မှ ၂၀၃၁ ခုနှစ်အထိ တူးဖော်ခွင့်ပြုထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရွှေတူးဖော်ရေးလုပ်ငန်းခွင်တစ်ခု။