30.5 C
Yangon

စစ်ကောင်စီက ထပ်မံ ကျင်းပရန် ကြိုးစားနေသည့် ရွေးကောက်ပွဲ တရားမဝင်ဘဲ ဥပဒေနှင့်မညီ၍ NLD က လုံး၀ လက်မခံဟု ကြေညာ

Must read

ရန်ကုန်၊ ဇူလိုင် ၉

ပြည်သူလူထု၏ ထောက်ခံမှု တခဲနက်ရရှိထားသော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း‌ပြီး စစ်ကောင်စီက ထပ်မံ ကျင်းပရန် ကြိုးစားနေသည့် ရွေးကောက်ပွဲသည် တရားဝင်မည်မဟုတ်ဘဲ ဥပဒေနှင့်မညီကြောင်း ၊ NLD အနေဖြင့် လုံး၀ လက်ခံမည်မဟုတ်ကြောင်း ယနေ့ တရားဝင် ကြေညာသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိ သည်သာမက နိုင်ငံတော်သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုသည် တရားဝင်မှုမရှိပါသဖြင့် ၎င်းအဖွဲ့၏ ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များအားလုံး (ရွေးကောက်ပွဲအပါအဝင်)သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိပါသဖြင့် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်NLD အနေဖြင့် လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ပါကြောင်း ကြေညာသည်။

၂၀၂၀ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်တွင် ကျင်းပနိုင်ခဲ့ပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးရှိရာတွင် ပြည်သူ့လွှတ်တော်တွင် ၂၇,၅၁၂,၈၅၅ ဦး၊ အမျိုးသားလွှတ်တော်တွင် ၂၇၄၉၅၅၅၅ ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် ၃၀၄၅၉၁၁၃ ဦး လာရောက်မဲပေးခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်းကျော်ခဲ့ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်အားလုံး၏ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် (၉၂၀)ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း NLD က ဆိုသည်။

မြန်မာပြည်သူတို့သည် ကိုဗစ်၁၉ ကပ်ရောဂါကိုရင်ဆိုင်ပြီး မိမိတို့ဆန္ဒကို ရဲရင့်စွန့်စား ဖေါ်ထုတ်ခဲ့ကြကြောင်း၊ နိုင်ငံတကာသံတမန်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက်အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုထားကြောင်း NLD ကြေညာချက်က ဆိုသည်။

တရားဝင်ဖွဲ့စည်းထားရှိပြီး၊ ရွေးကောက်ပွဲနှင့်ပတ်သက် ၍ အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်အား တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲရလဒ်သည်သာ ပြည်သူ့ဆန္ဒနှင့်အညီ တရားဝင်တည်ရှိနေဆဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့ဆင့်လွှဲအာဏာကို အကြွင်းမဲ့ လက်ခံယုံကြည် ကိုင်ဆွဲထားကြောင်း

သို့ရာတွင် စစ်ခေါင်းဆောင်တစ်စု၏ ပြည်သူ့ဆန္ဒကိုလစ်လျူရှုကာ အဓမ္မအာဏာသိမ်းပြီး ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်မှုကြောင့် ပြည်သူလူထုတစ်ရပ်လုံးမှ စစ်ကောင်စီကိုဆန့်ကျင်တော်လှန်မှုများ နိုင်ငံတစ်ဝှမ်းလုံးပေါ်ပေါက်ခဲ့ပြီး တိုင်းပြည်အခြေအနေမှာ လွန်စွာဆိုးဝါးလှသောအခြေအနေသို့ ရောက်ရှိနေစဉ် စစ်ကောင်စီသည် ပြည်သူလူထုနှင့်နိုင်ငံတကာကိုလှည့်စားရန် နောက်ထပ်ရွေးကောက်ပွဲတစ်ခုကို ကျင်းပရန် ကြံစည် အားထုတ်နေကြောင်း NLD က ထုတ်ပြန်ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၁၅ ရွေးကောက်ပွဲကာလ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်။

Photo- Agency

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article