ရန်ကုန်၊ ဇူလိုင် ၉
စစ်ကိုင်းတိုင်း၊ပင်လည်ဘူး၊ မကွေးတိုင်း၊ မြိုင်နှင့်ရေစကြိုတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
မကွေးတိုင်း၊မြိုင်တွင် စစ်သား ၂ ဦးသေဆုံး
=========================
မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာ တောင်ဘက်တွင် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်က အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် PDF တပ်ဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်ခွက်ရွာ၊ မန်ကျည်းကုန်းရွာမှ စက်မှု-၂ သို့ ပြန်လာစဥ် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး အပြင်း အထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ပင်လည်ဘူးတွင် စစ်သား ၃ ဦးသေဆုံး
==============================
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် စေတီဦးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဇူလိုင်လ ၈ ရက်နေ့ ညပိုင်းက ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့များ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပင်လည်ဘူးမြို့နယ် PDF တပ်ဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို ပင်လည်ဘူးမြို့နယ် PDF နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပင်လည်ဘူး မြို့နယ်အတွင်းရှိ အင်ကုန်း၊ ဆိုင်ရာကြီး၊ ပလူသာ၊ ပင်းကြိုင်း၊ ပင်လောင်၊ ပဒဲကော၊ စေတီဦး စသည့်ကျေးရွာများမှ ပြည်သူ ၉ ထောင်ကျော်ခန့်သည် အကြမ်းဖက် စစ်တပ် ဝင်ရောက်စီးနင်း ဖျက်ဆီးနေသောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ရေစကြိုတွင် စစ်သား ၅ ဦးသေဆုံး
====================
အလားတူ မကွေးတိုင်းအတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ရေစကြို နယ်နမိတ်အစပ်ရှိ ကျေးရွာများက ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပြန်လည် ဆုတ်ခွာ လာစဥ် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပြန်လည် ဆုတ်ခွာလာစဥ် Southern yso (pdf)၊ Urban Underground Revolution force-yso(UURF)၊ Shwe Nyar Myae (pdf)၊ Yesagyo revolution group(YRG)၊ ပခုက္ကူမြို့ပြ ပြောက်ကျား တပ်ဖွဲ့၊ Young Force (UG)၊ သခင်မြ (လ/န ကြီးတပ်ဖွဲ့)၊ Black Crobaနှင့် ကျောက်ထု PDF တပ်ရင်း(၂) တို့က ပူးပေါင်း စောင့်ကြို တိုက်ခိုက်ခဲ့ပြီး အပြန် အလှန် ပစ်ခတ်မှု ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စစ်တပ်ဘက်မှ အထိနာပြီး စစ်ကူများ ထပ်မံ ရောက်ရှိလာသောကြောင့် ယာ ယီ ဆုတ်ခွာခဲ့ချိန်တွင် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့သော်လည်း ဆုံးရှုံးမှု တချို့ရှိခဲ့ကြောင်း၊ လက်နက် ခဲယမ်းလို အပ်ချက် များ ရှိနေသောကြောင့် ဆက်လက်ထောက်ပံ့ကြရန် မေတ္တာ ရပ်ခံအပ် ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များမှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်)