ရန်ကုန်၊ ဇူလိုင် ၁၆
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူ လူငယ်များ၊ နိုင်ငံရေးသမားများနှင့် ပြည်သူများကို အမိန့်ချ တရားစီရင်သူ မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးစန်းလင်းကို Special Task Agency of Burma (STA) အဖွဲ့က ရှင်းလင်းလိုက်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
ဇူလိုင်လ ၁၅ ရက်နေ့ ည ၇ နာရီခွဲအချိန် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်တွင် နေထိုင်သူ တရားသူကြီး စန်းလင်း တက္ကစီကားဖြင့် နေအိမ်သို့အပြန် လမ်းတွင် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် တရားသူကြီး စန်းလင်း သေဆုံးသွားပြီး တက္ကစီယာဉ်မောင်းကို ထိခိုက်မှုမရှိကြောင်း STA အဖွဲ့ က ပြောသည်။
“စန်းလင်းက လူငယ်တွေနဲ့ ကျောင်းသားတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲ အမိန့်ချတဲ့သူပါ။ တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့မှာ အရှေ့ပိုင်းခရိုင်တရားရုံးတက်တယ်။ မရမ်းကုန်း၊ ၅ ရပ်ကွက်မှာနေတယ်။ အရေးကြီးကိစ္စရှိမှ တရားရုံးလာပြီး အမိန့်ချတာ” ဟု STA အဖွဲ့ တာဝန်ရှိသူက ရှင်းပြသည်။
အလားတူ ယမန်နေ့ ညနေ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ် တရားရုံးကိုလည်း မိုင်းခွဲ သတိပေးခဲ့ကြောင်း STA အဖွဲ့ ပြောဆိုပြီး စစ်ကောင်စီ၏ ဒေါက်တိုင်များကို ရှင်းလင်းသွားမည်ဟု ပြောဆိုသည်။