33 C
Yangon

မှော်ဘီလေတပ်မှ Yak 130 ၂ စီး ဖောက်ခွဲမှုတွင် ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် လေတပ်ဗိုလ်ကြီး တင်အောင်ခိုင်ကို ထောင် ၁၀ နှစ်ချ၊ ရေကြည်အိုင်တွင် လေတပ်အရာရှိနှင့်စစ်သည် ၅ ဦးထက်မနည်း ဆက်လက် ဖမ်းဆီးခံထားရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၀

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်မှ တိုက်လေယာဉ် Yak 130 ၂ စီး ဗုံးဖောက်ခွဲမှုတွင် ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် လေတပ်ဗိုလ်ကြီး တင်အောင်ခိုင်ကို စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချလိုက်ကြောင်း တပ်သတင်းရင်းမြစ်က ‌ပြော သည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀ အချိန် People’s Force ပြည်သူ့အင်အားစု (Yangon) က မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထားရှိနေရာကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးထိခိုက်ခဲ့ကြောင်း၊ ယင်းနောက် လေတပ်အရာရှိများကို စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ဗိုလ်ကြီးတင်အောင်ခိုင်လည်း အပါအဝင်ဖြစ်ကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလတုန်းက Yak 130 လေယာဉ် ၂ စီး ဖောက်ခွဲမှုကိစ္စမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗိုလ်ကြီး တင်အောင်ခိုင် ထောင် ၁၀ နှစ်ကျသွားပြီ။ သူက လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် မင်္ဂလာဒုံကပါ ” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

အလားတူ ဇွန်လ ၂၈ ရက်နေ့ ရန်ကုန်၊မှော်ဘီ လေတပ်စခန်း၊ လေယာဉ်သို လှောင်ရုံကို ဖောက်ခွဲ့ရန် ဇွန်လ ၂၈ ရက်နေ့ ည ပိုင်းတွင် ဗုံးထောင်ခဲ့ သော် လည်း အကြီးစား မပေါက်ကွဲခဲ့ဘဲ အသေးစားသာ ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ဗုံးထောင်မှုအတွက် လေတပ်အရာရှိနှင့်စစ်သည် ၅ ဦးထက်မနည်းကို ရေကြည်အိုင်တွင် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

“ဖြစ်စဉ် ဖြစ်ပြီးတော့ ဖမ်းသွားတာက ၃၀ ကျော် ၄၀ နီးပါးလောက်ရှိတယ်။ တချို့တွေလည်း ပြန်လွှတ်ပြီးတော့ နောက်ဆုံး ၅ ဦးကျန်တယ်။ အဲဒီလူတွေတော့ ပြန်မလွတ်နိုင်လောက်တော့ဘူးထင်တယ်။ အဲဒီလူတွေထဲမှာလည်း ဖရဲသီးပါတယ်ဆိုပြီး ယူဆကြတယ်။ အဲဒီလူ ၅ ဦး အဖမ်းခံရပြီးတဲ့နောက်ပိုင်း လေတပ်သတင်းတွေ တက်မလာတော့ ဒီလူတွေ လက်ချက်ပဲဆိုတဲ့ ယုတ္တိမရှိတဲ့ ယူဆချက်တွေနဲ့ပဲ ဆက်ဖမ်းပြီး ထောင်ချမယ့်ကိန်းပါ” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိလေတပ်အတွင်းတွင် အရာရှိများနှင့် စစ်သည်များ၏ ဇနီးများကို စစ် တပ်က လက်နက်ငယ်ပစ်ခတ်မှု သင်တန်းနှင့် စစ်သင်တန်းများပေးနေပြီး အမျိုးသမီးစစ်သည်များကိုပါ လေတပ်လုံခြုံရေးအတွက် အသုံးပြုလာကြောင်း သိရှိရသည်။

ဓာတ်ပုံ- လေယာဉ်များကို စစ်ဆေးနေသော အကြမ်းဖက် လေတပ်အရာရှိတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article